မကွေးတွင် စစ်ကောင်စီ ထောက်ခံသူရာခိုင်နှုန်း ကောက်ယူရန် ညွှန်ကြားထား

မကွေးတွင် စစ်ကောင်စီ ထောက်ခံသူရာခိုင်နှုန်း ကောက်ယူရန် ညွှန်ကြားထား

စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်( PDF) နှင့် စစ်ကောင်စီတပ်တို့အနက် မည်သည့်အဖွဲ့အစည်းကို ထောက်ခံကြောင်း ရပ်ကွက်၊ ကျေးရွာများအလိုက် လူထုထောက်ခံမှုရာခိုင်နှုန်းကို ကောက်ယူရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း အ‌ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် နီးစပ်သူ ခိုင်မာသောသတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။

“မကွေးမြို့နယ် ထွေအုပ်ကနေ ရပ်/ကျေး အုပ်ချုပ်ရေးအဆင့်တွေကို ထောက်ခံမှု နှုန်းထားကောက်ယူဖို့ ညွှန်ကြားထားတဲ့စာပါ” ဟု မဇ္ဈိမ သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ ကောက်ခံရရှိသည့် ထောက်ခံမှု ရာခိုင်နှုန်းကို ယနေ့ စက်တင်ဘာ ၁၈ ရက် နံနက် ၁၂ နာရီအချိန်တွင် အရောက်ပြန်လည်တင်ပြရမည်ဟု မြို့နယ်ထွေအုပ်က ရပ်ကျေးအဆင့် အုပ်ချုပ်ရေးမှူးများကို ညွှန်ကြားထားကြောင်း သတင်းရင်းမြစ်က ဆိုသည်။

မကွေးမြို့ သရက်ဒေသခံတစ်ဦးက ထိုထောက်ခံမှု ရာခိုင်နှုန်းနှင့် ပတ်သက်ပြီး အုပ်ချုပ်ရေးမှူးများက လာရောက်ကောက်ယူခြင်း မရှိသေးကြောင်း မဇ္ဈိမကို ပြောသည်။

“ရပ်ကွက်မှာတော့ လာကောက်တာ မရှိသေးဘူး။ ဒီလိုအချိန်မှာ အခုလိုညွန်ကြားတော့ သူတို့လည်း ဘာလုပ်ရမယ်မှန်းမသိ ဖြစ်နေတာနဲ့တူတယ်။ သူတို့ကလည်း ကိုယ်တိုင်ဖြည့်ပေးလိုက်ရင် စစ်တပ်က ဒါကြီးကိုင်ပြီး စကားပြောမှာဆိုတော့” ဟု သရက်မြို့ခံတစ်ဦးက ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီသည် ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရန် ကြိုးစားလုပ်ဆောင်နေ သော်လည်း အာဏာသိမ်းပြီး ခုနှစ်လကျော် ကြာမြင့်လာချိန်အထိ အုပ်ချုပ်ရေးယန္တရားတစ်စုံတစ်ခုကိုမျှ ထိရောက်အောင် မလည်ပတ်နိုင်သေးဘဲ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများလည်း ဆက်ရှိနေဆဲဖြစ်သည်။

ဓာတ်ပုံ- (မဇ္ဈိမက လက်ခံရရှိသော ထောက်ခံမှု ရာခိုင်နှုန်းပြဇယား)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly