ယူ-၂၁လက်ရွေးစင် ထိုက်ထိုက်အောင်ကို ရှမ်းယူနိုက်တက်ခေါ်ယူ

ယူ-၂၁လက်ရွေးစင် ထိုက်ထိုက်အောင်ကို ရှမ်းယူနိုက်တက်ခေါ်ယူ
ရှမ်းယူနိုက်တက်အသင်းသို့ပြောင်းရွှေ့လာသည့် ထိုက်ထိုက်အောင်။ (ဓာတ်ပုံ- ရွှေဘုတ်)

ဒီဇင်ဘာ ၁၇၊ ရန်ကုန်။           ။ ၂၀၁၆ဘောလုံးရာသီတွင် ချန်ပီယံဖြစ်ရန် ရည်ရွယ်ပြင်ဆင်နေသည့် ရှမ်းယူနိုက်တက်(ယခင် ကမ္ဘောဇ) အသင်းသည်ဧရာဝတီအသင်းမှ မြန်မာယူ-၂၁အသင်းခေါင်းဆောင် ထိုက်ထိုက်အောင်ကို ၅နှစ်စာချုပ် ချုပ်ဆိုခေါ်ယူခဲ့သည်။

ထိုက်ထိုက်အောင်မှာ မြန်မာယူ-၁၉အသင်းနှင့်အတူ ဘရူနိုင်းဘုရင့်ဖလားဖိတ်ခေါ်ပြိုင်ပွဲ၊ အာဆီယံယူ-၁၉ချန်ပီယံရှစ်၊ အာရှယူ-၁၉ချန်ပီယံရှစ်ပြိုင်၊ မြန်မာယူ-၂၀အသင်းနှင့်အတူ ယူ-၂၀ကမ္ဘာ့ဖလားပြိုင်ပွဲ၊  မြန်မာယူ-၂၁အသင်းနှင့်အတူ ဗီယက်နမ်ယူ-၂၁ဖိတ်ခေါ်ပြိုင်ပွဲများကစားခဲ့ဖူးသူဖြစ်သည်။

“ကျွန်တော် မြန်မာနေရှင်နယ်လိဂ်ချန်ပီယံဖြစ်ချင်လို့ ရှမ်းယူနိုက်တက်ကိုပြောင်းခဲ့တာပါ။ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပါပြီ။ ဧရာဝတီအသင်းကလည်း ကျွန်တော့် အပေါ်မှာ   ကျေးဇူးရှိတဲ့အသင်းပါ။” ဟု ထိုက်ထိုက်အောင်ကဆိုသည်။

ထိုက်ထိုက်အောင်မှာ ခံစစ်ညာအစွန်နှင့် ခံစစ်အတွင်းလူနေရာများတွင်ကစားနိုင်သူဖြစ်ပြီး လက်ရှိအချိန်တွင် ရှမ်းယူနိုက်တက်အသင်းနှင့်အတူလေ့ကျင့်မှုများပြုလုပ်နေသည်။

ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ထိုက်ထိုက်အောင်နှင့်စာမချုပ်မီ သီဟစည်သူ၊ နေလင်းထွန်း၊ ဟိန်းသီဟဇော်၊ လှိုင်မျိုးအောင်၊ ဇင်မင်းထွန်း တို့ကိုစာချုပ်ခေါ်ယူထားပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly