Mytel တာဝါတိုင် မီးရှို့သူဟုစွပ်စွဲကာ လူငယ် ၂ ဦးကို စစ်ကောင်စီဖမ်းဆီး

Mytel တာဝါတိုင် မီးရှို့သူဟုစွပ်စွဲကာ လူငယ် ၂ ဦးကို စစ်ကောင်စီဖမ်းဆီး

စက်တင်ဘာ ၁၇

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ မိုင်တဲတာဝါတိုင် မီးရှို့ခံရမှုဖြစ်စဉ်အတွက် လူငယ်နှစ်ဦးကို ဖမ်းမိကြောင်း ယမန့်နေ့ စက်တင်ဘာ ၁၆ရက် ညပိုင်းတွင် စစ်ကောင်စီပိုင်ရုပ်သံက ထုတ်ပြန်သည်။

စက်တင်ဘာ ၁၂ရက် ၊ နံနက် ၃နာရီခန့်က လှည်းကူးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ သီတာအေးတိုးချဲ့ (၂ )လမ်းရှိ မိုင်တဲတာဝါတိုင် မီးရှို့ခံရမှုဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်အတွက် စက်တင်ဘာ ၁၄ ရက် ညက မြို့အုပ်စု၊ ရိပ်သာရပ်ကွက်၊ ခိုင်ရွှေဝါလမ်းနေ ကိုကိုချစ်(ခ)ဝေဖြိုးနှင့် ပြည်တော်သာရပ်ကွက် ၊ ပြည်တော်သာ (၄)လမ်းနေ မသဲအိဖြူတို့ကို စစ်ကောင်စီကဖမ်းဆီးခဲ့ပြီး စစ်ဆေးမေးမြန်းချက်များအရ NLD ပါတီဝင် ဦးစည်သူ နှင့် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးသိန်းတန်တို့၏ စေခိုင်းချက်အရ လုပ်ဆောင်ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

" ကိုဝေဖြိုးက အရမ်းလည်းကြောက်တတ်တာ ၊ အေးဆေးနေတတ်တာ ဒီလိုကိစ္စတွေ လုပ်ဖို့ နေနေသာသာ ဆန္ဒပြတုန်းကတောင် ကြောက်တတ်လို့မလိုက်ဘူး ။ သူ့စားဝတ်နေရေးတောင်မနည်းရှာနေရတာ အခုလိုမတရားသဖြစ် စကစက အရေးယူလိုက်တာကို ရင်ကွဲမတတ်ခံစားရပါတယ် " ဟု ၎င်း၏သူငယ်ချင်းဖြစ်သူက ဆိုသည်။

ဖမ်းဆီးခံရသူနှစ်ဦးသည် လက်ရှိအချိန်ထိမိသားစုဝင်များနှင့် အဆက်သွယ်ရရှိမှု မရှိသေးကြောင်း သိရသည်။

" တကယ်လုပ်ထားတယ်ဆိုရင် သူတို့အိမ်မှာသူတို့နေမလား။ လုပ်ပြီးတာနဲ့ရှောင်နေမှာပေါ့။ အခုက လှည်းကူးမှာက မနက်တစ်ခုခုဖြစ်ပြီးရင် ညကြရင် သတင်းပေးခံရတဲ့ ထင်ကြေးအိမ်တွေကို ဖမ်းနေတာ " ဖြစ်ကြောင်း မြို့ခံအချို့က သုံးသပ်သည်။

မိုင်တဲတာဝါတိုင်မီးရှို့ခံရမှုကို လှည်းကူးPDFက မိမိတို့လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း စက်တင်ဘာ ၁၂ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားခဲ့သည့်အပြင် စစ်ကောင်စီကထုတ်ပြန်သည့် စွပ်စွဲခံရသူများသည် လှည်းကူး PDF နှင့်မပက်သက်ကြောင်း ယမန်နေ့ညတွင် လှည်းကူးPDF က ထပ်မံထုတ်ပြန်ထား‌သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly