တောင်တွင်းကြီးမြို့ရှိ စစ်ကောင်စီတပ် ဂိတ်စခန်းတွင် ချိန်ကိုက်ဗုံး ၂ ကြိမ်ပေါက်ကွဲ

By မဇ္ဈိမ
17 September 2021
တောင်တွင်းကြီးမြို့ရှိ စစ်ကောင်စီတပ် ဂိတ်စခန်းတွင် ချိန်ကိုက်ဗုံး ၂ ကြိမ်ပေါက်ကွဲ

စက်တင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ ၊ နတ်မောက်လမ်းပေါ်ရှိ အသောက ဘုန်းတော်ကြီးကျောင်းရှေ့တွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ် ဂိတ်စခန်းကို ချိန်ကိုက်ဗုံးဖြင့် နှစ်ကြိမ်ဖောက်ခွဲတိုက်ခိုက်လိုက်ကြောင်း ဗိဿနိုး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဘက်တော်သားများ ပူးပေါင်း‌နေထိုင်ကြသည့် အဆိုပါဂိတ်စခန်းကို စက်တင်ဘာ ၁၆ ရက် ည ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ချိန်ကိုက်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်း ဖြစ်သည်။

“PDF တွေအားလုံးရဲ့ သဘောထားပေါ့ဗျာ ။ စစ်အာဏာရှင်ကိုအမြစ်ပြတ်အောင် သူတို့ပတ်သက်အုပ်စိုးတဲ့နေရာ မှန်သမျှ တိုက်ခိုက်သွားမှာပါပဲ” ဟု ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိတစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ ဂိတ်စခန်း ဗုံးပေါက်ကွဲမှုတွင် စစ်ကောင်စီတပ်သားတချို့ ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

“ထိခိုက်မှုကတော့ ရှိတယ်လို့တော့ ကြားရတယ်။ ဆေးရုံမှာ ရောက်နေတယ်လို့လည်းပြောတယ်” ဟု ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် အခြားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်အာဏာရှင်အမြစ်ပြတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့်လည်း ပူးပေါင်းပါဝင်ကြရန် အဆိုပါအဖွဲ့က မေတ္တာရပ်ခံထားသည်။

ယင်းအပြင် မကွေးအခြေပြု PDF အဖွဲ့အစည်းများသည် စစ်ကောင်စီ ပတ်သက်သည့် စီးပွားရေး ထောက်တိုင်များကိုသာ ဦးတည်တိုက်ခိုက်သွားမည်ဖြစ်ပြီး အများပြည်သူ သွားလာသည့်နေရာ၊ ဘာသာရေးအဆောက်အဦးများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်သွားမည်မဟုတ်ကြောင်းလည်း ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly