တောင်ကုတ် NLD အမတ်ဟောင်း ဦးမင်းအောင် အလုပ်နှင့် ထောင်ဒဏ်၂၆ လ ချမှတ်ခံရ

တောင်ကုတ် NLD အမတ်ဟောင်း ဦးမင်းအောင် အလုပ်နှင့် ထောင်ဒဏ်၂၆ လ ချမှတ်ခံရ

စက်တင်ဘာ ၁၇

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်နှင့် အတူ ဖမ်းဆီးခံရသည့် ဦးသန့်ဇင်ဖြိုးတို့ကို တောင်ကုတ်မြို့နယ်တရားရုံးက စက်တင်ဘာ ၁၇ ရက်တွင် အလုပ်နှင့်ထောင်ဒဏ် ၂၆ လ အပြီးသတ်ပြစ်ဒဏ် အမိန့်ချမှတ်လိုက်သည်။

၎င်းတို့သည် တရားစွဲဆိုခံထားရသည့် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်ပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် ထောင်ဒဏ် နှစ်လ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

“ပြစ်ဒဏ်တွေကို သီးခြားစီကျခံစေ၊ ချုပ်ရက်ကို ထုတ်နုတ်ခံစားခွင့်ပြုတယ်ဆိုပြီးတော့ အမိန့်ချမှတ်လိုက် ပါတယ်။ စုစုပေါင်း နှစ်နှစ်နှင့် နှစ်လပါ” ဟု တရားခံများဘက်က အမှုလိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဒေါ်သိင်္ဂီမောင်က မဇ္ဈိမကို ပြောသည်။

ထိုသို့အမိန့်ချမှတ်လိုက်သည့်အပေါ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်နှင့် ဦးသန့်ဇင်ဖြိုးတို့နှစ်ဦး၏ သဘောဆန္ဒအရ အထက်တရားရုံးသို့ အယူခံတက်ရန် စီစဉ်နေကြောင်း ရှေ့နေက ပြောသည်။

“ဦးမင်းအောင်က အရင်တုန်းက ပြောထားတယ်။ တောင်ကုတ်တရားရုံးက ဘယ်လိုအမိန့်ချချပေါ့နော်။ သူ့ကိုအယူခံတက်ပေးပါ။ အဲဒါကြောင့်မို့လို့ ကျွန်မတို့က သူမှာခဲ့တဲ့အတိုင်း သက်ဆိုင်ရာ အထက်ရုံးအဆင့်ဆင့်ကို အယူခံတက်ဖို့ရှိပါတယ်” ဟု ရှေ့နေ ဒေါ်သိင်္ဂီမောင်က ပြောသည်။

ဦးမင်းအောင်နှင့် ဦးသန့်ဇင်ဖြိုးတို့နှစ်ဦးသည် တောင်ကုတ်မြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြ၍ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ တို့ဖြင့် ဖမ်းဆီးထိန်းသိမ်းခံနေရခြင်း ဖြစ်သည်။

တောင်ကုတ်မြို့နယ်တရားရုံးက အပြီးသတ်အမိန့်ချမှတ်ပြီးနောက် ၎င်းတို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် တောင်ကုတ်မြို့ရှိ ခမရ (၅၄၄) တပ်ရင်းမှ သံတွဲအကျဉ်းထောင်သို့ ယနေ့ စက်တင်ဘာလ ၁၇ ညနေပိုင်းတွင် လွှဲပြောင်းလိုက်သည်။

ယင်းအပြင် ဦးမင်းအောင်သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့်လည်း တရားစွဲခံထားရပြီး ရခိုင်ပြည်နယ် တရားလွှတ်တော်တွင် တရားရင်ဆိုင်နေရသေးသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု အပါအဝင် စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ ပြည်နယ်လျှပ်စစ်ဝန်ကြီး ဦးအောင်ကျော်ဇံနှင့် သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်လွင်တို့သည်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် ဖမ်းဆီးထိန်းသိမ်း ခံနေကြရ သည်။

ယင်းအနက် ဝန်ကြီးချုပ် ဦးညီပုကို စစ်တွေမြို့ရှိ စစ်တပ်ရင်းတစ်ခုတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ကျန်ဝန်ကြီးများကိုမှု စစ်တွေအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

ဦးမင်းအောင်အပါအဝင် ၎င်းတို့အားလုံးစွဲဆိုခံထားရသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အတွက် လာမည့် စက်တင်ဘာလ ၂၁ ရက်နှင့် ၂၂ ရက်နေ့တွင် ရခိုင်ပြည်နယ်လွတ်တော်က ရုံးချိန်းခေါ် ယူထားကြောင်း ရှေ့နေများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required