မြန်မာထံ COVID-19 ‌ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများ အာဆီယံ ပေးအပ်

မြန်မာထံ COVID-19 ‌ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများ အာဆီယံ ပေးအပ်

စက်တင်ဘာ ၁၇

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် ကန်‌ဒေါ်လာ ၁ ဒသမ ၁ သန်း တန်ဖိုးရှိ ဆေးပစ္စည်းများနှင့် ဆေးကုသမှုဆိုင်ရာ ကိရိယာပစ္စည်းများကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS) ထံ လွှဲပြောင်း‌ပေးအပ်ခဲ့ပြီး MRCS အနေဖြင့် ယင်းတို့ကို အဆင်သင့် ဖြန့်ဖြူးသွားနိုင်မည် ဖြစ်ကြောင်း သိရသည်။ ယင်းသည် မြန်မာနိုင်ငံ၏ COVID-19 ကပ်ရောဂါ တုံ့ပြန်ကိုင်တွယ်မှုအပေါ် အာဆီယံဘက်က ထောက်ပံ့ကူညီပေးမှုလည်း ဖြစ်သည်။

မြန်မာနိုင်ငံအတွက် အာဆီယံ၏ လူသားချင်းစာနာမှု အကူအညီ၏ ပထမဆုံး အသုတ်ဖြစ်သည့် အဆိုပါ ပေးအပ်မှုက သြဂုတ်လ ၁၈ ရက်တွင် ကျင်းပခဲ့သည့် မြန်မာအတွက် အာဆီယံ၏ လူသားချင်းစာနာမှုအကူအညီ ထောက်ပံ့မှုဆိုင်ရာ ကတိ‌ပြုမှု ကွန်းဖရင့်၏ နောက်ဆက်တွဲအဖြစ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ်က ထုတ်ပြန်ချက်တစ်စောင်တွင် ပြောသည်။

ယခု အသုတ်တွင် ပါဝင်သည့် ပစ္စည်းများကို အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ တူရကီ တို့၏ အစိုးရများနှင့် တီမားဆက် ဖောင်ဒေးရှင်း (Temasek Foundation International) တို့က လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူကို အလေးပေးသည့်၊ ပြည်သူကို ဗဟိုပြုသည့် အာဆီယံအသိုက်အဝန်းတစ်ခု ဖြစ်ထွန်းပေါ်ပေါက်စေခြင်းနှင့်အတူ မြန်မာပြည်သူများထံ အကူအညီ လက်ကမ်းပေးရန်အလို့ငှာ ‘One ASEAN, One Response’ ဆိုသည့် အနှစ်သာရအတိုင်း စုစည်းညီညွတ်မှုပြသရန် ယခု အစီအစဉ်က အရေးကြီးကြောင်း အာဆီယံအတွင်းရေးမှူးချုပ် လင်ဂျော့ဟွိုင်က ပြောသွားခဲ့သည်။

ထို့ပြင် အလှူရှင်နိုင်ငံ လေးခုနှင့် Temasek Foundation International တို့ကိုလည်း ကျေးဇူးတင်ကြောင်း ၎င်းက ပြောခဲ့ပြီး ယခု အကူအညီက အကျပ်အတည်းအချိန်ကာလတစ်ခုအတွင်း မြန်မာပြည်သူများ၏ ဆင်းရဲဒုက္ခများကို သက်သာပြေလျော့စေမည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

ထို့ပြင် အရေးတကြီး လုပ်ဆောင်ရမည့် အဆင့် ၁ နှင့် နောက်တစ်ဆင့် ဖြစ်သည့် အဆင့် ၂ တို့အတွက် လူသားချင်းစာနာမှု အကူအညီ အားထုတ်မှုများတွင် ထည့်ဝင်ထောက်ကူကြရန် ၎င်းက အခြားနိုင်ငံများကို တိုက်တွန်းသွားခဲ့သည်။

အဆင့် ၁ အတွက် လာမည့် အသုတ်အကူအညီများကို ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ ဗီယက်နမ် တို့နှင့်အတူ အခြား အလှူရှင်နိုင်ငံများနှင့် အဖွဲ့အစည်းများထံမှ ထောက်ပံ့ကူညီမှုကနေတဆင့် ပေးအပ်ထောက်ပံ့သွားနိုင်ဖွယ် ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly