ကမ္ဘောဒီးယားမှာ အသက် ၆ နှစ်နဲ့ ၁၁ နှစ်အကြား ကလေးတွေကို COVID-19 ကာကွယ်ဆေး ထိုးပေး

ကမ္ဘောဒီးယားမှာ အသက် ၆ နှစ်နဲ့ ၁၁ နှစ်အကြား ကလေးတွေကို COVID-19 ကာကွယ်ဆေး ထိုးပေး
Photo - AFP

စက်တင်ဘာ ၁၇

ကမ္ဘောဒီးယားနိုင်ငံမှာ စက်တင်ဘာ ၁၇ ရက်က အသက် ၆ နှစ်နဲ့ ၁၁ နှစ်အကြားရှိ ငယ်ရွယ်တဲ့ ကလေးတွေကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့တယ်လို့ သိရပါတယ်။

အသက် ၁၂ နှစ်အောက် ကလေးတွေအတွက် ကာကွယ်ဆေးထိုးဖို့ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အတည်ပြုချက် ပေးတာမျိုး မရှိသေးပေမယ့် ကမ္ဘောဒီးယားမှာတော့ အသက် ၆ နှစ်နဲ့ ၁၁ နှစ်အကြား အသက်အပိုင်းအခြားရှိ ကလေးတွေကို ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အရှေ့တောင်အာရှနိုင်ငံဟာ ယင်းရဲ့ မြန်ဆန်တဲ့ ကာကွယ်ဆေးထိုးနှံမှု ပရိုဂရမ်အတွက် ချီးကျူးခံထားရပြီး ယင်းနိုင်ငံမှာ အရွယ်ရောက်သူ လူကြီး လူဦးရေရဲ့ ၉၈ ရာခိုင်နှုန်းကျော်ဟာ အနည်းဆုံး ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံခံထားပြီး ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ယခု နောက်ဆုံး ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ကိုတော့ ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ အခြားအရာရှိကြီးတွေရဲ့ မြေးတွေ  ဖနွမ်ပင်မြို့ သတင်းထောက်တွေ ရှေ့မှာ ဆိုနိုဗက် ကာကွယ်ဆေးကို ထိုးနှံခံရင်း စတင်ခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့အတွက် ဒီလို လုပ်ဖို့ အမှန်တကယ် လိုအပ်ပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ရှေ့ဆက်သွားရမှာမို့လို့ပါ” လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောပါတယ်။

ကမ္ဘောဒီးယား အာဏာပိုင်တွေဟာ နိုင်ငံမှာ အသက် ၆ နှစ် နဲ့ ၁၂ နှစ်အကြား ကလေးတွေကို တရုတ်ထုတ် ကာကွယ်ဆေး နှစ်ကြိမ် ထိုးပေးဖို့ စီစဉ်ထားပြီး ယင်းနောက် တတိယမြောက် အားဖြည့်ဆေးတစ်လုံး ထပ်ထိုးပေးသွားဖို့ ရှိနေပါတယ်။

ဆိုင်နိုဗက် ကာကွယ်ဆေးကိုတော့ နိုင်ငံ ၅၀ ကျော်မှာ အရွယ်ရောက်ပြီးသူတွေအတွက် အသုံးပြုဖို့ ခွင့်ပြုချက်ထုတ်ပေးထားတာဖြစ်ပေမယ့် တရုတ်ကတော့ ယင်းကာကွယ်ဆေးကို ကလေးတွေမှာ အသုံးပြုဖို့ ခွင့်ပြုထားပါတယ်။

ဒါပေမယ့် ကျန်းမာရေးပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေအနေနဲ့ကတော့ အသက်ပိုမိုငယ်ရွယ်တဲ့ ကလေးတွေကို ကာကွယ်ဆေးထိုးနှံပေးသင့်၊ မသင့် နဲ့ပတ်သက်လို့ သေချာပေါက် ပြောနိုင်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း အသက် ၁၂ နှစ်အောက် ကလေးတွေကို ကာကွယ်ဆေးထိုးမှုကို ဆိုင်းငံ့ထားဖို့ နိုင်ငံတွေကို တိုက်တွန်းထားတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly