Quad အဖွဲ့၏ စက်တင်ဘာ ၂၄ ရက်တွင် ကျင်းပမည့် အစည်းအဝေးကို တရုတ် ရှုတ်ချ

Quad အဖွဲ့၏ စက်တင်ဘာ ၂၄ ရက်တွင် ကျင်းပမည့် အစည်းအဝေးကို တရုတ် ရှုတ်ချ

Quad အဖွဲ့၏ စက်တင်ဘာလ ၂၄ ရက်တွင် ပြုလုပ်မည့် ၄ နိုင်ငံလုံခြုံရေးဆိုင်ရာထိပ်သီးအစည်းအဝေးကို တရုတ်က ရှုတ်ချလိုက်ပြီး ယင်းအုပ်စုသည် ပွင့်လင်းမှုမရှိသော သေးငယ်သည့် အဝန်းအဝိုင်း အတွက်သာ ရည်ရွယ်ထားသည့် လူကြိုက်မများသော ထွက်လမ်းပိတ်နေသည့် အုပ်စုဖြစ်ကြောင်း စက်တင်ဘာ ၁၄ရက်က ပြောကြားခဲ့သည်။

ဝါရှင်တန်၌ စက်တင်ဘာ ၂၄ ရက်တွင် လက်ခံကျင်းပမည့် အဆိုပါ အစည်းအဝေးကို အမေရိကန် သမ္မတဂျိုးဘိုင်ဒင် ပထမဆုံး လူကိုယ်တိုင် တက်ရောက်ရမည် ဖြစ်ပြီး အိန္ဒိယဝန်ကြီးချုပ် မိုဒီ၊ သြစတြေးလျ ဝန်ကြီးချုပ် စကော့ မောရစ်ဆန်နှင့် ဂျပန်ဝန်ကြီးချုပ် ရှုးဂါးတို့လည်း ပါဝင်တက်ရောက်မည်။

“ပွင့်လင်းမှုမရှိဘဲ သီးသန့်ဆန်ကာ သေးငယ်သည့် အဝန်းအဝိုင်းတွက်သာ ရည်ရွယ်ထားသည့် အတွက် အခြားနိုင်ငံတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး ခေတ်ရေစီးကြောင်းနဲ့ မကိုက်သလို ဒေသတွင်းနိုင်ငံတွေရဲ့ မျှော်မှန်းချက်တွေနဲ့ သဟဇာတ မဖြစ်ပါဘူး။ သူတို့က လူကြိုက်မများသလို ထွက်လမ်းပိတ်နေပါတယ်” ဟု မကြာမီကျင်းပမည့် Quad ထိပ်သီးအစည်းအဝေးနှင့် ပတ်သက်၍ မေးမြန်းသည့်အပေါ် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ကျောက်လီကျန်းက ပြောကြားခဲ့သည်။

Quad ကို အာရှနေတိုးဟု အစောပိုင်းတွင် တရုတ်က ခေါ်ဝေါ်ခဲ့ခြင်းအပေါ် အိန္ဒိယနှင့် သြစတြေးလျတို့၏ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများ 2+2 အစည်းအဝေးဖွင့်ပွဲတွင် အိန္ဒိယ ပြည်ပရေးရာဝန်ကြီး ဂျိုင်းရှန်ကာက အပြင်းအထန် ကန့်ကွက်ခဲ့သည်။

" Quad က နိုင်ငံပေါင်း ၄ နိုင်ငံပူးပေါင်းထားတဲ့ အဖွဲ့ဖြစ်ပြီး သူတို့အကျိုးနဲ့ ကမ္ဘာကြီးအကျိုးအတွက် ပူးပေါင်း ဆောင်ရွက်ဖို့ ဖွဲ့ထားတာပါ။ တရုတ်ရဲ့ နေတိုးလိုမျိုးဆိုတဲ့ အသုံးအနှုန်းက အရမ်း စစ်အေးဆန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ခေတ်နောက်ဆွဲနေသလိုမျိုးပါ။ Quad က အနာဂတ်ကို ကြည့်ပါတယ်၊ အဲဒါက ကမ္ဘာလုံးဆိုင်ရာ ဖြစ်စဉ်ကို ထင်ဟပ်ပါတယ်၊ နိုင်ငံတွေ မဖြစ်မနေ အတူတကွပူးပေါင်း ဆောင်ရွက်တာမျိုးပါ” ဟု တရုတ်က Quad ကို" အာရှနေတိုး "ဟု ရည်ညွှန်းသောမေးခွန်းကိုဖြေကြားရာတွင် အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီး ဂျိုင်းရှန်ကာက ပြောကြားခဲ့သည်။

Quad နိုင်ငံများအကြားပူးပေါင်းဆောင်ရွက်နေသည့် ကဏ္ဍအသီးသီးကို ကိုးကား၍ အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီး ဂျိုင်းရှန်ကာက အမှန်တရားကို အဓိပ္ပာယ်မလွဲမှားစေသင့်ကြောင်းနှင့် နေတိုးနှင့် Quad ဟူသော အသုံးအနှုန်းများသည် ဆက်စပ်မှုမရှိကြောင်း ပြောကြားခဲ့သည်။

"ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ယန္တရားက တတိယအဖွဲ့အစည်းတွေကို ပစ်မှတ်ထားတာမျိုး အကျိုးစီးပွားကို ထိခိုက်တာမျိုးမဖြစ်သင့်ပါဘူး" ဟု ကျောက်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly