ဆွေးနွေးဖက်မဟုတ်သည့် ၃ဖွဲ့ကို နိုင်ငံရေးဆွေးနွေးပွဲသို့ အထူးဧည့်သည်အနေဖြင့် ဖိတ်မည်

ဆွေးနွေးဖက်မဟုတ်သည့် ၃ဖွဲ့ကို နိုင်ငံရေးဆွေးနွေးပွဲသို့ အထူးဧည့်သည်အနေဖြင့် ဖိတ်မည်
ဓါတ်ပုံ- MPC

ရန်ကုန်၊ဒီဇင်ဘာ ၁၇ ။           ။ အစိုးရက ဆွေးနွေးဖက်အဖြစ်မသတ်မှတ်သည့်  လားဟူဒီမိုကရက်တစ် အဖွဲ့အစည်း(LDU)၊ "ဝ"အမျိုးသား အဖွဲ့အစည်း (WNO) နှင့် ရခိုင်အမျိုးသားကောင်စီ(ANC) တို့မှ တစ်ဖွဲ့လျှင် (၃)ဦးစီကို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ များသို့ အထူးဧည့်သည်များအနေဖြင့် ဖိတ်ကြားသွားမည်ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ နိုင်ငံရေး ဆွေးနွေးပွဲဌာန ဒါရိုက်တာ ဦးအောင်နိုင်ဦးက ပြောသည်။

" အစိုးရသတ်မှတ်ထားတဲ့ ၁၆ ဖွဲ့ထဲက ကျန်တဲ့ ၈ဖွဲ့ရယ်၊ ANC ရယ် LDU ရယ် WNO ရယ်ကို အထူးဖိတ်ကြား ထားတဲ့ ဧည့်သည်တော်များအနေနဲ့ ဖိတ်မှာဖြစ်ပါတယ်။ ၈ဖွဲ့နဲ့ ၃ဖွဲ့နဲ့ ၁၁ဖွဲ့ကို ၅၀ ဦးထက်မပိုပဲ အထူးဖိတ်ကြား ထားတဲ့ အထူးဧည့်သည်တော်တွေအနေနဲ့ ဖိတ်ကြားသွားမှာ ဖြစ်ပါတယ်"ဟု ဦးအောင်နိုင်ဦးက ပြောသည်။

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်အား ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် တတိယအကြိမ် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်   ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) က အတည်ပြုပေးနိုင်ခဲ့ပြီး နိုင်ငံတော်သမ္မတထံသို့ ယင်းနေ့ မွန်းလွှဲပိုင်းတွင် အပ်နှံခဲ့ခြင်း ဖြစ်သည်။

"၂ဖွဲ့ကိုတော့ ချန်ထားဖို့ သဘောတူခဲ့ကြတယ်။ ကျန်တဲ့ အဖွဲ့တွေကိုတော့ လက်မှတ်ထိုးပြီးသား  အဖွဲ့တွေ ကော အရင်ကဆွေးနွေးထားတဲ့အဖွဲ့တွေကော အထူးဖိတ်ကြားမယ့်အဖွဲ့ (၃)ဖွဲ့ဆိုပြီး သဘောတူညီမှုရခဲ့  ပါ တယ်" ဟု UPDJC ဒုတိယ ဥက္ကဌ ဦးသုဝေက ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရန် အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့(NCCT)က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့(၂၁)ဖွဲ့ နှင့် လက်မှတ်ရေးထိုးရန် တောင်ဆိုခဲ့သော်လည်း အစိုးရမှ (၁၅)ဖွဲ့ဖြင့်သာ လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ခဲ့ သည့်အတွက်   နှစ်ဖက်သဘောထားကွဲလွဲမှုများ   ဖြစ်ပေါ်ကာ   အောက်တိုဘာလအတွင်း လက်နက်ကိုင် အဖွဲ့ (၈)ဖွဲ့ဖြင့် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

အစိုးရက အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးရန်ဖိတ်ခေါ်ခဲ့သည့် ၁၅ ဖွဲ့အနက် ကရင်းအမျိုးသားအစည်း အ ရုံး(KNU)၊ ရခိုင် လွတ် မြောက်ရေးပါတီ(ALP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည် တပ် မတော် (တောင်ပိုင်း)(RCSS/ SSA )၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုးဝ်အမျိုးသားလွတ်မြောက်ရေး အဖွဲ့(PNLO)၊ ဗမာနိုင် ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KPC)၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)တို့သာ အပစ်ရပ်စာချုပ်အား လက်မှတ်ရေးထိုး ထားခြင်း ဖြစ်သည်။

အပြီးသတ် သဘောတူညီမှုရရှိပြီးဖြစ်သည့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်အရ ၂၀၁၆ ဇန်နဝါရီ ၁၅ မတိုင်မီ ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ခေါ်ယူကျင်းပပြီး အမျိုး သားအဆင့် နိုင်ငံရေး ဆွေး နွေးပွဲများကို ကျင်းပ ပြုလုပ်သွားရမည်ဖြစ်မည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly