စစ်ကိုင်းတိုင်းအတွင်း အင်တာနက်ဖြတ်ထားသည့် မြို့နယ်တချို့တွင် စစ်ကောင်စီက စစ်အင်အားဖြည့်တင်းနေ

စစ်ကိုင်းတိုင်းအတွင်း အင်တာနက်ဖြတ်ထားသည့် မြို့နယ်တချို့တွင် စစ်ကောင်စီက စစ်အင်အားဖြည့်တင်းနေ

စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်းအတွင်းရှိ အင်တာနက်ဖြတ်တောက်ထားသည့် မြို့နယ်တချို့တွင် စစ်ကောင်စီက လူအင်အား၊ လက်နက်အင်အားနှင့် စစ်အင်အားများ ဖြည့်တင်းနေကြောင်း ဒေသခံများက သတင်းပေးပို့သည်။

ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းရှိ ဘုတလင်၊ အရာတော်၊ ဝက်လက် မြို့နယ်များနှင့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီးမြို့နယ်များ၌ စစ်အင်အားဖြည့်တင်းမှု လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

“ စစ်ဆင်ရေးတွေ လုပ်မယ်ဆိုရင် နှစ်ဘက်မကောင်းဘူးဖြစ်မှာပေါ့ဗျာ။ တကယ်လို့ သူတို့ဘက်က မတရားထိုးစစ်ဆင်တာ‌တွေ လုပ်မယ်ဆိုရင်တော့ ဒေသခံတွေအနေနဲ့ လေးဂွလောက်နဲ့တော့ ပြန်ပစ်ရမှာပေါ့ဗျာ။ အခြေအနေတွေကတော့ အလားအလာမကောင်းဘူး ” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ယင်းမာပင်ခရိုင်အတွင်း စစ်ဆင်ရေးလုပ်မည်ဟု သတင်းများ ထွက်ပေါ်နေပြီး ယင်းမာပင်ခရိုင်၊ ရွှေတောင်ဦးကုန်းအနီးတွင် ယနေ့ စက်တင်ဘာ ၁၆ရက် မွန်းလွဲပိုင်းအချိန်က တပ်ဖွဲ့အင်အား ၂၀၀ ခန့်နှင့် စစ်လက်နက်ပစ္စည်းများ ဖြည့်တင်းနေကြောင်း ဒေသခံများက ပြောသည်။

ယင်းအပြင် ယနေ့ စက်တင်ဘာ ၁၆ ရက် ညနေပိုင်းအချိန်တွင် မုံရွာမြို့ပေါ်ရှိ ဘောလုံးကွင်း၌ Express ကားဖြင့် တပ်သားများ လာချသွားသည့်အပြင် ချင်းတွင်းမြစ် မြစ်ကြောင်းအတွင်း၌ စစ်ရေယာဉ်များက အသင့်အနေအထားရှိနေကြောင်း ဒေသခံများကဆိုသည်။

ယင်းမာပင် မြို့မရဲစခန်းတွင်လည်း စစ်အင်အားနှင့်လက်နက်အင်အားများဖြည့်တင်းနေသဖြင့် ဒေသခံများက စိုးရိမ်နေကြပြီး စောင့်ကြည့်နေရသည့်အနေအထားဖြစ်‌နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly