မော်ရင်ဟို၏နေရာတွင် အစားထိုးရန် နည်းပြလေးဦးကို ချယ်လ်ဆီး လျာထား

မော်ရင်ဟို၏နေရာတွင် အစားထိုးရန် နည်းပြလေးဦးကို ချယ်လ်ဆီး လျာထား

လန်ဒန်၊ ဒီဇင်ဘာ ၁၇ ။          ။ ချယ်လ်ဆီးအသင်းသည် နည်းပြမော်ရင်ဟို၏နေရာတွင် အစားထိုးရန်အတွက် နည်းပြလေးဦးကို လျာထားကြောင်း ဒေးလီးမေးလ်သတင်းစာက ဖော်ပြသွားခဲ့သည်။

ချယ်လ်ဆီးအသင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၆ ပွဲကစားပြီးချိန်တွင် ရမှတ် ၁၅ မှတ်သာ ရရှိထားသေးပြီး အဆင့် ၁၆ နေရာတွင် ရပ်တည်နေကာ တန်းဆင်းဇုန်နှင့် ရမှတ်တစ်မှတ်သာ ကွာဟလျက်ရှိသည်။ ထို့ကြောင့် မော်ရင်ဟို၏ အခြေအနေမှာ ရာထူးမှ ထုတ်ပယ်ခံရရန် အလွန်နီးစပ်သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။

မော်ရင်ဟို၏နေရာတွင် အစားထိုးရန် ချယ်လ်ဆီးအသင်းလျာထားသည့် နည်းပြလေးဦးမှာ ချယ်လ်ဆီးနည်းပြဟောင်းများဖြစ်သည့် ဂုစ်ဟစ်ဒင့်နှင့် အေဗရန်ဂရန့်၊ လီဗာပူးလ်နည်းပြဟောင်း ဘရန်ဒန်ရော်ဂျာနှင့် ကာပယ်လိုတို့ ဖြစ်သည်။

ချယ်လ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ်ချ်နှင့် ၎င်း၏အနီးကပ်အကြံပေးများသည် လက်စတာအသင်းကို ရှုံးနိမ့်ခဲ့သည့်ပွဲစဉ် ပြီးကတည်းက ဘုတ်အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ မော်ရင်ဟို၏ အနာဂတ်ကို ဆွေးနွေးခဲ့ကြသည်။ ထိုသတင်းကို အသင်းက အတည်ပြုထားပြီး ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်လျက်ရှိသည်။

အေဗရာမိုဗစ်ချ်အနေဖြင့် မော်ရင်ဟိုကို နည်းပြရာထူးမှ ထုတ်ပယ်ခဲ့ပါက လျော်ကြေးငွေ ပေါင် သန်း ၄၀ ခန့်ပေးချေရမည်ဖြစ်ပြီး ထိုအချက်က မော်ရင်ဟိုအားထုတ်ပယ်ရန် အဓိက အတားအဆီးတစ်ခု ဖြစ်လျက်ရှိသည်။

ချယ်လ်ဆီးအသင်းသည် မကြာသေးမီကမှ မော်ရင်ဟိုကို တစ်ပတ်လုပ်ခလစာ ပေါင် နှစ်သိန်းခွဲဖြင့် လေးနှစ်စာချုပ် ချုပ်ဆိုထားခြင်းဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly