BRICS ၅ နိုင်ငံ၏ ၁၃ ကြိမ်မြောက် အစည်းအဝေးတွင် အိန္ဒိယဝန်ကြီးချုပ် သဘာပတိအဖြစ် တာဝန်ယူ

BRICS ၅ နိုင်ငံ၏ ၁၃ ကြိမ်မြောက် အစည်းအဝေးတွင် အိန္ဒိယဝန်ကြီးချုပ် သဘာပတိအဖြစ် တာဝန်ယူ

ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက နိုင်ငံတို့၏ ၁၃ ကြိမ်မြောက် BRICS အစည်းအဝေးကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် စက်တင်ဘာ ၉ ရက်က အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့ရာ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ သဘာပတိအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

BRICS အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများတွင် တည်တံ့ခိုင်မြဲရေးနှင့် သဘောတူညီမှုများ ပြုလုပ်နိုင်ရေး ရည်မှန်းချက်များဖြင့် အဆိုပါ အစည်းအဝေးကို ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

အဆိုပါ ထိပ်သီးဆွေးနွေးပွဲတွင် ၅ နိုင်ငံစလုံးမှ နိုင်ငံ့ အကြီးအကဲများ ပါဝင်ခဲ့ကြသည်။

ကိုဗစ်-၁၉ ရောဂါ အလွန် ကမ္ဘာ့နိုင်ငံများ ပြန်လည်နလန်ထူရေးတွင် BRICS နိုင်ငံများ၏ ဦးဆောင် အခန်းကဏ္ဍအား အလေးထားပြောကြားရာတွင် ဝန်ကြီးချုပ်မိုဒီက ခံနိုင်ရည်ကောင်းမွန်စွာ၊ ဆန်းသစ်သည့် နည်းလမ်းများအသုံးပြု၍ ယုံကြည်စိတ်ချနိုင်ပြီး ရည်ရှည်တည်တံ့အောင် ပြန်လည်တည်ဆောက်ရေးအတွက် ချမှတ်ထားသည့် ဆောင်ပုဒ်အတိုင်း အဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။

အိန္ဒိယနိုင်ငံ၌ ကိုဗစ် ရောဂါ ဖြစ်ပွားစဉ်အတွင်း BRICS မိတ်ဖက်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှု ရရှိခြင်းအပေါ် ကျေးဇူးတင်ကြောင်းလည်း ဝန်ကြီးချုပ် မိုဒီက အစည်းအဝေးတွင် ပြောကြားသည်။

မိတ်ဖက်နိုင်ငံများအကြား ကိုဗစ်ကာကွယ်ဆေးထိုးခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာ ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက်လည်း ၎င်းက တိုက်တွန်းပြောကြားသည်။

အာဖဂန်နစ္စတန်သည် အခြားနိုင်ငံများကို တိုက်ခိုက်မည့် အကြမ်းဖက်အုပ်စုများအတွက် ဘေးကင်းရာ နယ်မြေမဖြစ်သင့်ကြောင်းလည်း BRICS ခေါင်းဆောင်များက ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်သည် အိမ်နီးချင်းနိုင်ငံများအတွက် ပြဿနာဖြစ်စေမည့် နိုင်ငံဖြစ်မလာစေရေးအတွက်လည်း BRICS နိုင်ငံများအကြား ခိုင်မာစွာ သဘောတူညီခဲ့ကြောင်း အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာနအတွင်းဝန် ဆန်ဂျေးဘတ်တာချာရီက ပြောကြားသည်။ အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များကလည်း အာဖဂန်နစ္စတန်တွင် ငြိမ်းချမ်ရေးနှင့် တည်ငြိမ်ရေးအတွက် တောင်းဆိုခဲ့သည်။

၁၄ ကြိမ်မြောက် BRICS အစည်းအဝေးကို တရုတ်နိုင်ငံ၌ ၂၀၂၂ ခုနှစ်တွင် ကျင်းပမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly