စင်ကာပူမှာ ကန့်သတ်ချက်တွေ ဖြေလျှော့၍ ရွှေ့ပြောင်းအလုပ်သမားတွေ အပြင်ထွက်ခွင့်ရ 

စင်ကာပူမှာ ကန့်သတ်ချက်တွေ ဖြေလျှော့၍ ရွှေ့ပြောင်းအလုပ်သမားတွေ အပြင်ထွက်ခွင့်ရ 
Photo - AFP

စက်တင်ဘာ ၁၆

စင်ကာပူက အာဏာပိုင်တွေဟာ ကိုရိုနာဗိုင်းရပ်စ် တားမြစ်ကန့်သတ်ချက်တွေ ဖြေလျှော့ပေးလိုက်ပြီ ဖြစ်တာကြောင့် အဆောင်နေ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ တစ်နှစ်ကျော်မက အပြင်မထွက်ရဘဲ ရှိရာကနေ ခုဆိုရင် အပြင်ထွက်ခွင့်ရပြီး တရုတ်တန်းနဲ့ ကန့်လန့်ဖြတ် စင်ကာပူမြစ် အရှေ့ပိုင်းမှာရှိတဲ့ Little India အရပ်ဆီ သွားလာနေကြပြီ ဖြစ်ပါတယ်။ 

ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အဆောင်နေတန်းလျားတွေကနေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့တာကြောင့် ပြီးခဲ့တဲ့နှစ် ဧပြီလကစပြီး ရွှေ့ပြောင်းအလုပ်သမားတွေကို အဆောင်ကနေ အလုပ်ဆီ သွားလာတာကို အများအပြား ကန့်သတ်ထားခဲ့တာ ဖြစ်ပါတယ်။ 

ချမ်းသာတဲ့ စင်ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်တားမြစ်ချက်တွေဟာ အခြားသူတွေထက် တောင်အာရှ အလုပ်သမားအများစုအပေါ် ပိုပြီး တင်းတင်းကြပ်ကြပ် ချမှတ်ထားခဲ့တာ ဖြစ်ပါတယ်။ 

အစိုးရရဲ့ မြေစမ်းခရမ်းပျိုး စီမံချက်အရ ကာကွယ်ဆေး ထိုးနှံပြီးတဲ့ ရွှေ့ပြောင်းအလုပ်သမား ၅၀၀ ကို တစ်ပတ်မှာ အချိန် ခြောက်နာရီ သတ်မှတ်ထားတဲ့ နေရာတွေဆီ သွားလာခွင့် ပြုတာပဲ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ စီမံချက်ရဲ့ ပထမသုတ်အဖြစ် လူ ၁၀၀ ခန့်ဟာ Little India အရပ်ဆီ သွားရောက်နိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။ 

Little India ဟာ တောင်အာရှ ဒေသထွက် ကုန်စည်တွေ ရောင်းချတဲ့ ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေရှိရာ စည်ကားတဲ့ နေရာဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမား တော်တော်များများ သွားလာလေ့ရှိရာ အရပ်ပဲ ဖြစ်ပါတယ်။ 

“တကယ်ပါ၊ ကျွန်တော်တော့ အရမ်း ပျော်နေပါပြီ”ဆိုပြီး အသက် ၄၅ နှစ်ရှိ ဘင်္ဂလားဒေ့ရှ်က ဆောက်လုပ်ရေးအလုပ်သမားတစ်ဦးဖြစ်တဲ့ ရတ်ရှ်မန်းက ပြောပါတယ်။ ဈေးဝယ်ထွက်မယ်၊ စားချင်ရာ စားမယ်၊ ပြီးတော့ ဗလီမှာ ဝတ်ပြုမယ်လို့ ရတ်ရှ်မန်းက ထပ်လောင်းပြောပါတယ်။ 

အချိန်အကြာကြီး အိမ်တွင်းအောင်းနေခဲ့ရာက အပြင်ထွက်ခွင့် ရတာကြောင့် တော်တော်လေး ပျော်ရွှင်နေတာပါလို့လည်း သူက ပြောပါတယ်။ တစ်ချို့ ရွှေ့ပြောင်းအလုပ်သမားတွေကတော့ စင်ကာပူ သက်တမ်းအရှည်ဆုံး သီရိဝီရာမာကာလီမန် ဘုရားကျောင်းဆီ သွားရောက်ကြပြီး စားသောက်ဖွယ်ရာတွေ ပူဇော်မှု ပြုကြပါတယ်။ 

ရွှေ့ပြောင်းအလုပ်သမား အများအပြားကို အဆောင်တွေမှာပဲ ပိတ်လှောင်ထားတာနဲ့ ပတ်သက်ပြီး ဝေဖန်တာတွေ များလာတာကြောင့် ခုလို ခရီးထွက်ခွင့်ပြုတာကို အာဏာပိုင်တွေက ဆုံးဖြတ်ချက်ချလာခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံထဲက ရွှေ့ပြောင်းအလုပ်သမား အနည်းစုပဲ ခရီးသွားလာခွင့်ရတဲ့ ခုလို လုပ်ဆောင်ချက်ဟာ လုံလောက်မှု မရှိသေးဘူးလို့ လူ့အခွင့်အရေးအဖွဲ့ Transient Workers Count Too က ပြောပါတယ်။ 

စင်ကာပူနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူ ၇၃၀၀၀ ရှိပြီး သေဆုံးသူ ၅၈ ရှိပေမယ့် ကူးစက်ဖြစ်ပွားမှုကို အောင်မြင်စွာ  ထိန်းချုပ်ထားနိုင်တဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly