အာဖဂန်နစ္စတန်တွင် ကျန်ခဲ့သည့် အမေရိကန်စစ်လက်နက်ပစ္စည်းများကို တရုတ်နှင့်ရုရှားက လေ့လာတုပပြီး ပုံစံတူပြန်ထုတ်လုပ်နိုင်ဟု ဒေါ်နယ်ထရမ့် ပြော

By NDTV
16 September 2021
အာဖဂန်နစ္စတန်တွင် ကျန်ခဲ့သည့် အမေရိကန်စစ်လက်နက်ပစ္စည်းများကို တရုတ်နှင့်ရုရှားက လေ့လာတုပပြီး ပုံစံတူပြန်ထုတ်လုပ်နိုင်ဟု ဒေါ်နယ်ထရမ့် ပြော

အာဖဂန်နစ္စတန်တွင် ကျန်ခဲ့သည့် အမေရိကန် စစ်လက်နက်ပစ္စည်းများကို တရုတ်နှင့် ရုရှားတို့ အခွင့်ကောင်းယူ အသုံးချသွားနိုင်ပြီး အဆိုပါ ဒေါ်လာဘီလီယံများနှင့်ချီ တန်ဖိုးရှိသည့် လက်နက်ပစ္စည်းများကို လေ့လာပြီး ပုံစံတူလက်နက်ပစ္စည်းများ ပြန်လည်ထုတ်လုပ်လာနိုင်ကြောင်း အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ၎င်း၏ အမြင်ကို ထုတ်ဖော်ပြောကြားသွားခဲ့သည်။ အာဖဂန်နစ္စတန်ကနေ အမေရိကန်၏ ပရမ်းပတာနိုင်ခဲ့သည့် ဆုတ်ခွာရုပ်သိမ်းမှုအပေါ် လက်ရှိသမ္မတ ဂျိုးဘိုင်ဒင် အစိုးရ၏ ကိုင်တွယ်စီမံမှုကို ဝေဖန်ပြစ်တင်ရင်း ထရမ့်က အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။

အာဖဂန်နစ္စတန်တွင် အမေရိကန် လေ့ကျင့်ပေးထားသည့် အာဖဂန်စစ်တပ်ကို အလျင်အမြန်အရေးနိမ့် ပြုတ်ကျစေခဲ့သည့် ထိုးစစ်တစ်ခုနှင့်အတူ တာလီဘန်တို့ ကဘူးလ်ကို မြန်မြန်ဆန်ဆန် သိမ်းပိုက်ထိန်းချုပ်ပြီးနောက် ယင်းနိုင်ငံတွင် အမေရိကန်၏ အခန်းကဏ္ဍအပေါ် စစ်ဆေးဝေဖန်မှုများ ပေါ်ပေါက်ထားခဲ့သည်။

စက်တင်ဘာ ၁၂ ရက်က ထုတ်လွှင့်ခဲ့သည့် သတင်းအင်တာဗျူးတစ်ခုတွင် ထရမ့်က အမေရိကန်၏ ရုပ်သိမ်းဆုတ်ခွာမှုက “ညံ့ဖျင်းလှသည်” ဟု ပြစ်တင်ခဲ့ပြီး ယင်းက အမေရိကန်နိုင်ငံအပေါ်

အန္တရာယ်ဖြစ်စေနိုင်ဖွယ် ရှိသလို ယင်း၏ ရန်သူများကို အကျိုးဖြစ်စေဖွယ် ရှိသည်ဟု သတိပေးခဲ့ကြောင်း Fox News က ဖော်ပြသည်။

အကျပ်အတည်းဒုက္ခကြုံနေခဲ့သည့် နိုင်ငံတွင် စစ်ပွဲ တကယ်ပင် ပြီးဆုံးသွားပြီလား ဆိုသည်ကို သံသယဖြစ်မိကြောင်း ထရမ့်က ထုတ်ဖော်ခဲ့သလို အမေရိကန်၏ ရန်သူများသည် အာဖဂန်နစ္စတန်တွင် အမေရိကန်တပ်ဖွဲ့များ ချန်ထားရစ်ခဲ့သည့် လက်နက်များ၊ သံချပ်ကာ ကားများနှင့် လေယာဥ်များကို အခွင့်ကောင်းယူ အသုံးချနေပြီဟု ထင်မြင်ကြောင်း ၎င်းကပြောခဲ့သည်။

“ခု ကျွန်တော် ပြောနေတာက ‘ဒီ ပစ္စည်းတွေကို သူတို့ ဘယ်လို ယူနိုင်သလဲ’ ဆိုတာပဲ ဖြစ်ပါတယ်၊ ပြီးတော့ ကျွန်တော် သေချာပြောနိုင်တာက တရုတ်နဲ့ ရုရှားဟာ ခုချိန်လောက်ဆိုရင် ကျွန်တော်တို့ရဲ့ အပါချီ ရဟတ်ယာဥ်တွေကို ရသွားပြီလို့ ပြောနိုင်ပါတယ်၊ သူတို့ အဲဒါတွေ ဘယ်လို ထုတ်လုပ်ထားသလဲ ဆိုတာ အတိအကျ သိဖို့ တစ်စစီ ဖြုတ်တာတွေ လုပ်နေပါလိမ့်မယ်၊ အဲဒါတွေက လက်ရှိအချိန်အထိ ကမ္ဘာမှာ အကောင်းဆုံးရဟတ်ယာဥ်တွေဖြစ်ပါတယ်၊ ပြီးတော့ သူတို့ အဲဒါတွေကို တစ်စစီ ဖြုတ်တာတွေ လုပ်ကြပါလိမ့်မယ်၊ ဒါမှလည်း ပုံစံတူ ပြန်ထုတ်လုပ်နိုင်မှာပေါ့၊ သူတို့က အဲဒီအပိုင်းမှာ အရမ်းကျွမ်းပါတယ်၊ ဒါက တကယ်တော့ အရှက်ရစရာပါပဲ” ဟု ထရမ့်၏ ပြောဆိုချက်ကို Fox News က ကိုးကား ဖော်ပြသည်။

ပြီးခဲ့သည့်အပတ်ကလည်း သမ္မတဟောင်း ထရမ့်သည် ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှု နှစ် ၂၀ ပြည့် အထိမ်းအမှတ်တွင် အာဖဂန်နစ္စတန်ကနေ အမေရိကန် ရုပ်သိမ်းထွက်ခွာမှုကို ကိုင်တွယ်မှုနှင့်ပတ်သက်ပြီး ဂျိုးဘိုင်ဒင်အစိုးရ ညံ့ဖျင်းကြောင်း ဗီဒီယိုမက်ဆေ့ချ်တစ်ခုကနေ ပြစ်တင်ဝေဖန်ခဲ့သည်။

အာဖဂန်နစ္စတန်ကနေ အမေရိကန် ထွက်ခွာမှု ပြီးစီးခဲ့ပြီးနောက်တွင် အဆိုပါ စစ်ဒဏ်ခံထားရသည့် နိုင်ငံကနေ ထွက်ခွာလာခြင်းနှင့်ပတ်သက်သည့် မဟာဗျူဟာ အကျိုးဆက်များကို ထရမ့် သို့မဟုတ် ဘိုင်ဒင် အစိုးရ တစ်ရပ်ရပ်တို့က ကျကျနန သုံးသပ်အကဲဖြတ်ထားခဲ့သလား ဆိုပြီး ကျွမ်းကျင်သူများက မေးခွန်းထုတ်နေခဲ့ကြသည်။

အာဖဂန်နစ္စတန်၏ အနီးအနားတွင် အမေရိကန်၏ အဓိက ပြိုင်ဘက်များဖြစ်သည့် တရုတ်နှင့် ရုရှားတို့ တည်ရှိနေခြင်းနှင့်အတူ တင်းမာမှုများ မြင့်တက်နေသည့် အခြေအနေကာလတစ်ခုတွင် ယခုကဲ့သို့ အာဖဂန်နစ္စတန်ကနေ အမေရိကန် ထွက်ခွာသည့် ဆုံးဖြတ်ချက်က “နားလည်ရ ခက်သော” ဆုံးဖြတ်ချက်ဖြစ်နေကြောင်း ဥရောပအခြေစိုက် think tank (နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကြံပေးအဖွဲ့) တစ်ခုက လေ့လာတွေ့ရှိခဲ့သည်။

“အာဖဂန်နစ္စတန်မှာ နှစ် ၂၀ ကြာ အမေရိကန်တို့ ဒီလောက် အများကြီး ရင်းနှီးမြှုပ်နှံထားခဲ့ပြီးနောက်မှာ သမ္မတ နှစ်ဦး လက်သင့်ခံတဲ့ ဒီလို အခြေအနေတစ်ခုက ဘာကြောင့်နဲ့ ဘယ်လိုဘယ်ပုံများ စိတ်ရှုပ်ထွေးစရာ ဖြစ်နေရတာလဲ၊ အမေရိကန် အများစုကလည်း ဒီလို စိတ်ဇဝေဇဝါ ဖြစ်မှုမျိုး ရှိနေကြပါတယ်၊ ဒီအပတ်ထဲ ထုတ်ဖော်ခဲ့တဲ့ ရိုက်တာ/ Ipsos စစ်တမ်းတစ်ရပ်အရ သိနိုင်ပါတယ်” ဟု တောင်အာရှ လေ့လာမှုဆိုင်ရာ ဥရောပဖောင်ဒေးရှင်း (EFSAS) က ပြောခဲ့သည်။

အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ ပြန်လည်ထိန်းချုပ်သိမ်းပိုက်သွားပြီးနောက် ဘိုင်ဒင်၏ လူကြိုက်များမှုအပိုင်းတွင်လည်း ထိုးနှက်မှုတစ်ခုနှင့် ကြုံတွေ့ထားခဲ့ရသည်။ အမေရိကန်ပြည်သူများက အာဖဂန်နစ္စတန်တွင် စစ်ရေးမစ်ရှင် ဆက်ရှိစေရေးကို လိုလားခဲ့ကြကြောင်းကို စစ်တမ်းများက ပြသနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required