ပါကစ္စတန်က တူရကီနှင့် တရုတ်လုပ် ဒရုန်းများကို အာဖဂန်နစ္စတန်နိုင်ငံအတွင်း ချထား

ပါကစ္စတန်က တူရကီနှင့် တရုတ်လုပ် ဒရုန်းများကို အာဖဂန်နစ္စတန်နိုင်ငံအတွင်း ချထား
CH-4 category drones acquired from China by Pakistan (image courtesy @andreasmoun)

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၄

ရေးသူ-ဗာဟရမ်အီဗာဇီယန်

အာဖဂန်နစ္စတန်နိုင်ငံအတွင်းမှ အမေရိကန်တပ်များ အလျင်အမြန်ရုပ်သိမ်းပြီးနောက် တာလီဘန်တို့က နိုင်ငံတစ်ခုလုံးကို မျက်စိတစ်မှိတ်လျှပ်တစ်ပြက်အတွင်းမှာပင် သိမ်းယူလိုက်သည်။ အာဖဂန်လုံခြုံရေး တပ်ဖွဲ့များကို အနိုင်ယူပြီးနောက် အာဖဂန်နစ္စတန်၏ ခရိုင်အားလုံး (ပန်ဂျရှာမှလွဲ၍) သည် တာလီဘန်တို့၏ လက်အောက်သို့ ရောက်သွားသည်။ ပြီးခဲ့သည့် သီတင်းပတ်များအတွင်းက ပညာရှင်များနှင့် သံတမန်များက တာလီဘန်များအနေဖြင့် အဆိုပါနိုင်ငံကို အလွန်မြန်ဆန်စွာ သိမ်းပိုက်နိုင်ခဲ့ပုံကို စိတ်ဆိုးဒေါသကြီးစွာဖြင့် ဆွေးနွေးခဲ့ကြသည်။ တစ်ဖြည်းဖြည်းပေါ်ထွက်လာမည့် အဖြေတစ်ခုမှာ ပါကစ္စတန်တို့၏ ထိပ်တန်းထောက်လှမ်း ရေးလက်နက်ဖြစ်သည့် နိုင်ငံ၏ စုပေါင်းထောက်လှမ်းရေးအဖွဲ့ (ISI) သည် တာလီဘန်တို့အား လွန်ခဲ့သော နှစ် ၂၀ အတွင်း ဘေးကင်းလုံခြုံသည့်နေရာ ဖန်တီးပေးခဲ့သည်သာမက ၎င်းတို့နိုင်ငံအား တာလီဘန်တို့၏ ညွှန်ကြားထိန်းချုပ်ရေးဌာနအဖြစ် ခွင့်ပြုပေးခဲ့သလို တာလီဘန်တို့အနေဖြင့် ၎င်းတို့၏ တပ်ဖွဲ့ထောင်ပေါင်းများစွာ ကို လေ့ကျင်ပေးခဲ့ခြင်းကြောင့် အာဖဂန်နိုင်ငံအား လျင်မြန်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

မကြာခင်က ထွက်ပေါ်လာခဲ့သည့် သတင်းများတွင် ပါကစ္စတန်တို့က တရုတ်လုပ်ဒရုန်းများ အသုံးပြု၍ တာလီဘန်တို့အား ကူညီခဲ့သလို ၎င်းတို့ကို ခုခံနေသည့် တပ်ဖွဲ့များ၏ နောက်ဆုံးခြေကုပ်ဖြစ်သော ပန်ဂျရှာတောင်ကြားထိုးစစ်တွင်လည်း ပံ့ပိုးပေးခဲ့သည်။ ပါကစ္စတန်သည် လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုအတွင်း အကြမ်းဖက်တိုက်ဖျက်ရေးတွင် အမေရိကန်၏ အနီးကပ်မဟာမိတ်အဖြစ် ယူဆနိုင်ခဲ့သော်လည်း အာဖဂန်နစ္စတန်တွင် တစ်ကမ္ဘာလုံးက ရှုတ်ချထားသည့် အကြမ်းဖက်အဖွဲ့အစည်းက မျက်နှာသာပေးနေခြင်း အပေါ် ပါကစ္စတန်အရာရှိများက ရှက်ရွံ့ခြင်းလည်း ရှိမနေပေ။ အကြမ်းဖက်သမားများကိုယ်စား အနောက်နိုင်ငံများမှ အမေရိကန်ဒေါ်လာဘီလျံပေါင်းများစွာကို ပါကစ္စတန်အစိုးရက ဝမ်းမြောက်ဝမ်းသာစွာ လက်ခံခဲ့သော်လည်း ပါကစ္စတန်ဝန်ကြီးချုပ်အီမရန်ခန်းက တာလီဘန်တို့သည် ‘ကျေးကျွန်စနစ် သံသရာကို ဖြတ်တောက်နိုင်ခဲ့ပြီ’ ဟု ပြောကြားလိုက်ခြင်းသည် ကမ္ဘာကပ ပါကစ္စတန်၏ မူရင်းစရိုက်ပေါ်လွင်လာမှုကို တွေ့မြင်နိုင်ခဲ့သည်။

ပြည်ပဆက်ဆံရေးကောင်စီနှင့် အခြားရင်းမြစ်များ၏ အဆိုအရ ပါကစ္စတန်သည် တာလီဘန်တို့အတွက် ငွေကြေးနှင့် ထောက်ပံ့ပို့ဆောင်ရေးအတွက် အဓိကနေရာဖြစ်နေသည်။ ပါကစ္စတန်၏ ISI ထောက်လှမ်းရေးအဖွဲ့ သည် ၎င်းတို့စတင်ထူထောင်စဉ်ကပင် တာလီဘန်တို့ကို ပံ့ပိုးခဲ့သလို အမေရိကန်က အကြမ်းဖက်သမားတို့ကို ဆယ်စုနှစ် နှစ်ခုကြာ မရပ်မနား စစ်ဆင်နွဲရာတွင် တာလီဘန်တို့ဘေးကင်း လုံခြုံစေရန် စောင့်ရှောက်ပေးခဲ့သည်။ တာလီဘန်တို့သည် ပါကစ္စတန်တွင် ဗြောင်ကျကျပင် ပိုင်ဆိုင်မှုများ ရှိနေသလို ပါကစ္စတန်၏ ပုဂ္ဂလိက ကဏ္ဍမှလည်း လှူဒါန်းမှုများကို ပုံမှန်ရရှိနေသည်။

ပါကစ္စတန်အပေါ် ဖိအားများလာသလို ယင်းနိုင်ငံသည် အကြမ်းဖက်သမားတို့၏ ခိုလှုံသည့် နေရာဖြစ်ကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းက သိလာသောကြောင့် နိုင်ငံတကာ၏ ကန့်ကွက် မှုမဖြစ်လာစေရန် ပါကစ္စတန်သည် တာလီဘန်တို့ကို တိုက်ရိုက်မပံ့ပိုနိုင်တော့ပေ။

ပါကစ္စတန်အနေဖြင့် ယုတ္တိတန်သော ငြင်းဆိုမှုကို အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်နိုင်ရန် လိုအပ်လျှက်ရှိသောကြောင့် နောက်ဆုံးထွက်ပေါ်လာသည့် သတင်းများအရ ပါကစ္စတန်သည် လူလိုက်ပါရန် မလိုသည့် ယာဉ်ပျံများ (UAVs) ဖြင့် တာလီဘန်တို့ကို ကူညီပြီး ၎င်းတို့၏ ပါဝင်နေမှုကို အကောင်းဆုံး ဖုံးကွယ်ထားသည်။

ပါကစ္စတန်သည် တရုတ်နိုင်ငံမှ ချိုင်ဟောင်း ၄ (Rainbow 4, or CH-4) အမျိုးအစား ဘက်စုံသုံး အလယ်အလတ်အမြင့်ပျံ ကြာရှည်သုံး မောင်းသူမဲ့ယာဉ် UAV ၅ စင်းကို ရရှိခဲ့ကြောင်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ကာကွယ်ရေးသတင်း အွန်လိုင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Janes တွင် ဖော်ပြထားသည်။ တရုတ်ကာကွယ်ရေးကန်ထရိုက်တာ Aerospace Long-March International Trade Co Ltd (ALIT) က တာဝန်ယူပေးပို့သည့် အဆိုပါ ယာဉ်များသည် ပါကစ္စတန်နိုင်ငံသို့ ဇန်နဝါရီ ၁၅ ရက်တွင် ရောက်ရှိခဲ့ကြောင်း Pakistan Exim Trade Info ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

CH-4 ၏ အမျိုးအစား ၂ မျိုးအနက် မည်သည့် အမျိုးအစားဖြစ်သည်ကို ဖော်ပြမထားပေ။ CH-4A ကို စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးအတွက် အသုံးပြုပြီး CH-4B သည် လက်နက်အလေးချိန် ၃၄၅ ကီလို သယ်ဆောင်နိုင်သော်လည်း ၁၄ နာရီအထိသာ ပျံသန်းနိုင်သည်။ တရုတ်၏ မောင်းသူမဲ့ယာဉ်သည် Lan Jian 7 (Blue Arrow 7) လေဆာပဲ့ထိန်း မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များ၊ လေဆာ/ INS/GPS ပဲ့ထိန်းဗုံးများ တပ်ဆင်ထားသည့် TG100၊ အမေရိကန်လုပ် Hellfire ဒုံးကျည်ကဲ့သို့ တင့်ကားဖျက် AR-1/HJ-10 ဒုံးကျည်များ အပါအဝင် လက်နက်များကို တင်ဆောင်နိုင်သည်။

Acquired from China, Pakistan’s new CH4 UAVs were recently spotted at Bahawalpur Air Base (image courtesy @detresfa)

ပါကစ္စတန်က ၎င်းတို့တွင် လက်နက်တပ်ဆင်ပြီး အသုံးပြုနိုင်သည့် UAV များရှိသည်ကို ဖုံးကွယ်ထားနိုင်သည်မှာ ချီးကျူးဖွယ်ရာကောင်းသော်လည်း ဂြိုဟ်တုဓာတ်ပုံများက ဖော်ထုတ်နိုင်ခဲ့သည်။ ပါကစ္စတန်တွင် CH အမျိုးအစား UAV များအပြင် တရုတ်လုပ် လူမဲ့ တိုက်ခိုက်ရေး ယာဉ်ပျံများ (UCAV) ၏ ဂြိုဟ်တု ဓာတ်ပုံများကိုလည်း ပါကစ္စတန်နိုင်ငံအနှံ့ရှိ စစ်အခြေစိုက် စခန်းအများအပြားတွင် တွေ့ရှိခဲ့ရာ UCAV များသည် ပါကစ္စတန်လေတပ်စခန်းအများအပြားတွင် ရောက်ရှိအသုံးပြုနေသည့် ခိုင်မာသော အထောက်အထား ဖြစ်သည်။ အဆိုပါ ယာဉ်များသည် Wing Loong 1 မောင်းသူမဲ့ ယာဉ်များဖြစ်သည်။ UCAV များတည်ရှိခြင်းကို ၂၀၁၆ ခုနှစ်က စတင်အတည်ပြုနို်ငခဲ့သည်။ ထိုစဉ်က Wing Loong တစ်စင်းသည် ပါကစ္စတန်နိုင်ငံ၊ ပန်ဂျပ်ပြည်နယ်ရှိ မီယန်ဝါလီ လေတပ်စခန်းအနီးတွင် ပျက်ကျခဲ့သည်။

ဂြိုဟ်တုဓာတ်ပုံများမှတစ်ဆင့် UCAV များကို ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်အတွင်းကလည်း တွေ့ရှိခဲ့သည်။ Wing Loong 1 နှင့် Wing Loong 2 နောက်ထပ်မျိုးဆက်ကို မီယန်ဝါလီ လေတပ်အခြေစိုက်စခန်းတွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လအတွင်းက တွေ့မြင်ခဲ့သည်။ ပါကစ္စတန်က ရရှိသည့် Wing Loong 2 များတွင် မြေပြင်မှ ဝေဟင် တာဝေးပစ် လက်နက်များအပြင် မြင်ကွင်းကြည်လင် ပြတ်သားသည့် ရေဒါစနစ် (SAR) ပါဝင်သည်။ အဆိုပါ Wing Loong 2 တွင် ပဲ့ထိန်းဒုံးကျည်များနှင့် ဗုံးများကို သယ်ဆောင်နိုင်သည့် စနစ်များလည်း ပါဝင်သည်။

Acquired from China, Pakistan’s likely Wing Loong II UAV was recently spotted at Mianwali (image courtesy @detresfa)

ပါကစ္စတန်တွင် ဒရုန်းများ လျှိူ့ဝှက်စွာ ပိုင်ဆိုင်ထားသလို တရားဝင်ထုတ်ပြန်ကြေညာမှုမရှိခြင်းသည် ပါကစ္စတန် တို့အနေဖြင့် တာလီဘန်တို့ကို ကူညီရန် အာဖဂန်နစ္စတန်တွင် အဆင့်မြင့်စစ်လက်နက်များချထားခြင်းနှင့် ပန်ဂျရှာတောင်ကြားတွင် တာလီဘန်တို့၏ ထိုးစစ်ဆင်ခြင်းကို ကူညီနိုင်စေခဲ့သည့်အပြင် ရက်စက်သော အကြမ်းဖက်အဖွဲ့အစည်းအား ကူညီခြင်းအတွက် ယုတ္တိရှိရှိ ငြင်းဆိုစေနိုင်ခဲ့သလို ပြစ်တင်ရှုတ်ချမှုများကိုလည်း ရှောင်ရှားနိုင်စေခဲ့သည်။ ပန်ဂျရှာတောင်ကြားတွင် ပါကစ္စတန်ဒရုန်းများက ဗုံးများကြဲချခဲ့သည်ဆိုသော သတင်းများမကြာသေးမီက ထွက်ပေါ်ခဲ့ခြင်းသည် ပါကစ္စတန်က တာလီဘန်တို့အား ကူညီရန် အာဖဂန်နစ္စတန်တွင် ဒရုန်းများချပေးထားသည်ဆိုသော အချက်ကို ပိုမိုခိုင်မာစေခဲ့သည်။

ပါကစ္စတန်အစိုးရနှင့် ထောက်လှမ်းရေးအဖွဲ့သည် တာလီဘန်တို့ကို ကူညီရန် ဒရုန်းများကို အသုံးပြုရန် ပြင်ဆင်နေချိန်တွင် ယင်းဒရုန်းများကို အာဖဂန်နစ္စတန်တွင် အသုံးပြုရန် အခြေစိုက်စခန်းများ လိုအပ်နေသည်။ ပါကစ္စတန်၏ ဒရုန်းများ ထားရှိသည်ဟု ယူဆရသော မီယန်ဝါလီလေတပ်အခြေစိုက်စခန်းသည် အာဖဂန်နယ်စပ်

မှ ကီလိုမီတာ ၂၀၀ ခန့် အကွာအဝေးတွင် ရှိသည်။ ယင်းနေရာသည် တူရကီနိုင်ငံ၏ မျက်စိကျသည့် နေရာတစ်ခုဖြစ်သည်။ ဩဂုတ် ၂၀ ရက်က တူရကီသမ္မတရီကတ်တေယစ်အာဒိုဂန်သည် ကဘူးလ်နိုင်ငံတကာ လေဆိပ်၏ လုပ်ငန်းဆောင်ရွက်မှုများကို ထိန်းချုပ်လိုကြောင်း ပြောကြားခဲ့သည်။ အာဖဂန်တွင် တူရကီစစ်တပ်ရှိခြင်းကြောင့် နိုင်ငံတကာအခင်းအကျင်းတွင် တာလီဘန်တို့အတွက် အင်အားပိုမိုကောင်းနိုင်ကြောင်း ပြောကြားထားသည်။ နေတိုး တပ်ဖွဲ့များ ရုပ်သိမ်းပြီးနောက် ကဘူးလ်မြို့ရှိ ဟာမစ်ကာဇိုင်း နိုင်ငံတကာလေဆိပ်ကို ဆောင်ရွက်ခွင့်ရရှိရန် ဇွန်လအတွင်းက တူရကီသည် အမေရိကန်နှင့် ဆွေးနွေးခဲ့သည်။ အာဖဂန်နိုင်ငံတွင်းမှ သံတမန်များ ဘေးကင်းလုံခြုံစွာ ထွက်ခွာနိုင်ရေးအတွက် လေဆိပ်ကို ဖွင့်ပေးထားရန် တူရကီကို တာဝန်ပေးခဲ့သည့် သတင်းများ ထွက်ပေါ်ခဲ့သည်။

ကဘူးလ်လေဆိပ်ကို တူရကီတို့က ထိန်းချုပ်ခြင်းသည် ပါကစ္စတန်ဒရုန်းများ လှုပ်ရှားနိုင်ရေးအတွက် လုံခြုံသည့် နေရာ ဖြစ်စေသလို ယုတ္တိရှိရှိ ငြင်းဆိုမှုအတွက်လည်း အထောက်အပံ့ဖြစ်စေသည်။ ဒရုန်းများကို လေဆိပ်တွင် တွေ့ရှိခြင်း သို့မဟုတ် ခြေရာခံနိုင်ပါက ပါကစ္စတန်အနေဖြင့် ၎င်း၏ ပါဝင်မှုကို ငြင်းဆိုနိုင်သလို တူရကီနိုင်ငံအပေါ် အပြစ်ပုံချနိုင်မည်ဖြစ်ပြီး နေတိုင်းအဖွဲ့ဝင်နိုင်ငံဖြစ်ကြောင့် တူရကီအနေဖြင့် ပါကစ္စတန်ထက် ပိုမိုသက်သာသည့် ဆိုးကျိုးများကိုသာ ကြုံတွေ့ရမည်ဖြစ်သည်။

တူရကီနှင့် တရုတ်တို့သည် ဈေးနှုန်းသက်သာသည့် UCAV များကို ထုတ်လုပ်ပြီး ၎င်းတို့၏ မဟာမိတ်နိုင်ငံများသို့ အများအပြား တင်ပို့ရောင်းချထားသည်။ ထိခိုက်မှုနှင့် သေဆုံးမှု များပြားခဲ့သည့် စစ်ပွဲကြီး ၃ ခုထက်မနည်းတွင် ၂၀၂၀ ခုနှစ်အတွင်းက တူရကီနိုင်ငံမှ ဒရုန်းအများအပြားကို အသုံးပြုခဲ့သည်။ လစ်ဗျားနိုင်ငံတွင် တူရကီနိုင်ငံထုတ် Bayraktar TB2 ဒရုန်းအုပ်စုသည် လစ်ဗျားအမျိုးသားစစ်တပ်၏ လေကြောင်းကာကွယ်ရေး စနစ်အများစုကို အနိုင်ယူ ဖျက်ဆီးနိုင်ခဲ့ကာ ထရီပိုလီမြို့ကို သိမ်းယူနိုင်ရန် ကူညီခဲ့သည်။ တူရကီဒရုန်းများက ဆီးရီးယားသမ္မတအာဆတ်၏ စစ်တပ်မှ သံချပ်ကာယာဉ် ၁၀၀ ကျော်ကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်။

အာဖဂန်နိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်လျောက်လုံးတွင် တူရကီက ကဘူးလ်နိုင်ငံတကာလေဆိပ်ကို ထိန်းချုပ်ဆောင်ရွက်ရန် လိုလားခဲ့ပြီး လေဆိပ်အား ထိန်းချုပ်ရာတွင် အကူအညီအပေးရေးအတွက် ကမ်းလှမ်းခဲ့သည်။ ထို့ပြင် တာလီဘန်တို့က အာဖဂန်နစ္စတန်အား သိမ်းပိုက်လိုက်သည့်အခါတွင်လည်း လေဆိပ် ထိန်းချုပ်ရေးတာဝန်ကို ပါကစ္စတန်တို့က တူရကီအား လွှဲပြောင်းပေးလိုက်သည်။ လက်ရှိအခြေအနေများအရ အာဖဂန်နစ္စတန်နိုင်ငံအတွင်းရှိ ခုခံရေးအုပ်စုများကို တိုက်ခိုက်ရန် တူရကီဒရုန်းများအား အသုံးပြုရေးအတွက် ကဘူးလ်နိုင်ငံတကာ လေဆိပ်ကို ပါကစ္စတန်က အသုံးပြုရန် စီစဉ်ထားသည်။ ပန်ဂျရှာဒေသအား မတိုက်ခိုက်မီကပင် အဆိုပါလေဆိပ်ကို အသုံးပြုခဲ့ဖွယ်ရှိသည်။

ပန်ဂျရှာအား တိုက်ခိုက်ရာတွင် အမေရိကန်လေတပ်အတွက် အဓိက စခန်းဖြစ်ခဲ့သည့် ဘာဂရန်လေယာဉ်ကွင်းကို အသုံးပြုခဲ့ကြောင်း သတင်းရင်းမြစ်များက မှတ်ချက်ပေးထားသည်။ ဘာဂရန်လေယာဉ်ကွင်းသည် ပန်ဂျရှာနှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် ပါဝမ်ခရိုင်တွင် တည်ရှိသောကြောင့် ထိုးစစ်ဆင်နွှဲရာတွင် ပါကစ္စတန်အတွက် အကောင်းဆုံး အနေအထား ဖြစ်ခဲ့သည်။ ဘာဂဟန်လေယာဉ်ကွင်းသည် ဒေသတွင်း ထိရောက်မှုနှင့် အခွင့်အလမ်းကောင်းမွန်သည့် ဒေသတွင်း လေယာဉ်ကွင်းများအနက်မှ တစ်ခုဖြစ်ကာ အဆင်းအတက်လမ်း ၂ လမ်းပါဝင်သည်။ ၂၀၁၅ ခုနှစ်တွင် အမေရိကန်လေတပ်က အဆိုပါလေယာဉ်ကွင်းကို ၂၀၁၅ ခုနှစ်တွင် အဆင့်မြှင့်တင်ကာ ဒေသတွင်းမှ နိုင်ငံအသီးသီး၏ လေကြောင်းပျံသန်းရေးများကို ပံ့ပိုးကူညီနိုင်ရန် နောက်ထပ် ပြေးလမ်းတစ်ခုကို တည်ဆောက်ခဲ့သည်။

ဤနေရာတွင် စိတ်ဝင်စားစရာကောင်းသည့်အချက်တစ်ချက် ရှိလာသည်။ တရုတ်က ဘာဂရမ်လေယာဉ်ကွင်းကို စတင်ထိန်းချုပ်လာသည်။ အမေရိကန်သတင်းဌာနများ၏ အဆိုအရ အဆိုပါ လေယာဉ်ကွင်းကို ခါးပတ်ကွင်းလမ်းစီမံကိန်း (BRI) ၏ အစိတ်အပိုင်းတစ်ခုအဖြစ် အသုံးချနိုင်ရန် ဖြစ်နိုင်ချေလေ့လာမှုများကို တရုတ်စစ်တပ်များက လုပ်ဆောင်လျက်ရှိသည်။ ထို့ပြင် တရုတ်က ၎င်း၏ လေယာဉ်များနှင့် တပ်ဖွဲ့ဝင်များကို အဆိုပါ လေယာဉ်ကွင်းသို့ စေလွှတ်ရန် ပြင်ဆင်လျက်ရှိသည်။

ပါကစ္စတန်က ဘာဂဟန်လေတပ်စခန်းကို ဒရုန်းများအသုံးပြုရန် အစီအစဉ်ရှိကြောင်းကိုလည်း ကျွမ်းကျင်သူများက ကန့်ကွက်ထားခြင်းမရှိပေ။

ယင်းကိစ္စနှင့် ပတ်သက်၍ အမေရိကန်၏ ထင်ရှားသော နိုင်ငံရေးသမားနှင့် သံတမန်ဟောင်းတစ်ဦးဖြစ်သူ နစ်ကီဟာလေးက သူမ၏ စိုးရိမ်မှုကို စက်တင်ဘာ ၈ ရက်တွင် ဖော်ပြခဲ့ရာ၌ “တရုတ်က ဘာဂဟန်လေတပ်အခြေစိုက်စခန်းကို အသုံးပြုမယ်လို့ ရှင်တို့က မြင်နေတယ်လို့ ကျွန်မထင်တာကြောင့် ကျွန်မတို့က တရုတ်ကို စောင့်ကြည့်ဖို့ လိုပါတယ်။ သူတို့က အာဖဂန်နစ္စတန်မှာလည်း လှုပ်ရှားမှုတွေ လုပ်ဆောင်နေသလို အိန္ဒိယနဲ့ ယှဉ်ပြိုင်ရာမှာ ပိုမိုအားကောင်းစေဖို့ ပါကစ္စတန်ကို အသုံးချဖို့ ကြိုးစားနေတယ်။ ဒါကြောင့် ကျွန်မတို့မှာ ပြဿနာတွေ အများအပြားရှိနေပါတယ်” ဟု ပြောကြားသည်။

A view of Bagram Airfield in July 2021 during troops withdrawal by the US and NATO (image courtesy US News)

ပန်ဂျရှာဒေသတွင် ပါကစ္စတန်က ဒရုန်းများကို အသုံးပြုကြောင်း နိုင်ငံတကာ သတင်းဌာနများက ဖော်ပြခြင်းသည် ဝါဒဖြန့်ချိမှုတစ်ခုသာ ဖြစ်ကြောင်း ပါကစ္စတန်စစ်တပ်က တုံ့ပြန်ထားသည်။ ပါကစ္စတန်စစ်တပ်ပြောခွင့်ရအရာရှိ ဗိုလ်ချုပ်ကြီး ဘာဘာအစ်ဖ်တီကာက အဆိုပါ စွပ်စွဲချက်များသည် လိမ်ညာမှုသာဖြစ်ပြီး အိန္ဒိယမှ ယုတ္တိမရှိသည့် ဝါဒဖြန့်မှုသာဖြစ်ကြောင်း ပြောကြားထားသည်။

၎င်းတို့တွင် ရှိသည့် CH-4B ဒရုန်းအမျိုးအစားများသည် ပန်ဂျရှာဒေသကို တိုက်ခိုက်နိုင်သည့် စွမ်းရည်မရှိကြောင်း ပါကစ္စတန်စစ်တပ်က ငြင်းဆိုထားသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ဗြိတိန်အခြေစိုက် အကြံပေးအဖွဲ့ဖြစ်သည့် Royal United Services Institute (RUSI) ဌာနမှ ဂျက်စတင် ဘရွန့်က “CH-4 သည် မြေပြင်စခန်းမှ တိုက်ရိုက် ရေဒီယိုထိန်းချုပ်မှုစနစ်လိုအပ်သလို ပါကစ္စတန်၏ ကြမ်းတမ်းသော နယ်စပ်မှ ဝေးကွာသောနေရာမှ ထိန်းချုပ်ရန် အလွန်ခက်ခဲသော်လည်း မဖြစ်နိုင်သည့် အခြေအနေမဟုတ်ကြောင်း ပြောကြားသည်။

ယင်းကဲ့သို့ ပြောဆိုမှုကြောင့် ပန်ဂျရှာဒေသအား ဒရုန်းဖြင့် တိုက်ခိုက်ခြင်းကို ဘာဂဟန်လေတပ်စခန်းမှ လုပ်ဆောင်သည်ဆိုသောအချက်ကို ပိုမိုအားကောင်းလာစေသည်။ ယင်းစခန်းတွင် ရေဒီယိုဖြင့် ထိန်းချုပ်နိုင်သည့် စနစ်ကိုလည်း တပ်ဆင်ထားပြီးဖြစ်သည်။ ဒရုန်းများကို ပါကစ္စတန်မှ လွှတ်တင်ခြင်းမဟုတ်ဘဲ ဘာဂဟန်မှ စေလွှတ်ခြင်းဖြစ်သည်။ တူရကီတို့၏ ထိန်းချုပ်မှုအောက်တွင်ရှိသော ကဘူးလ်လေဆိပ်ကိုလည်း လေယာဉ်များ၊ ဒရုန်းများကို အသုံးပြုရန်နှင့် တစ်ချိန်တည်းမှာပင် ငြင်းဆိုခြင်းမှုအတွက် ပါကစ္စတန်တို့က အသုံးပြုနိုင်သည်ဟု လေ့လာသုံးသပ်သူများက မှတ်ချက်ပြုထားသည်။

အရေးကြီးဆုံးအချက်တစ်ချက်မှာ ၂၀၂၀ ခုနှစ်ဝန်းကျင်က လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်သည့် အာဇာဘိုင်ဂျန် အစိုးရက အာဆာခါ (နာဂိုနို-ကာရာဘာခါဒေသမှ) တို့အား ၄၄ ရက်ကြာ စစ်ပွဲဆင်နွှဲရာတွင် တူရကီ၏ ဒရုန်းများကို အသုံးပြုခဲ့သည်။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလနှောင်းပိုင်းက အဇာဘိုင်ဂျန်၊ တူရကီနှင့် ဂျီဟက်အုပ်စုများသည် အာဆာခါနယ်မြေပိုင်နက်တွင် တူရကီဒရုန်းများ၏ အကူအညီဖြင့် မြေပြင်နှင့် လေကြောင်း ထိုးစစ်အများအပြား လုပ်ဆောင်ခဲ့သည်။

အဇာဘိုင်ဂျန်စစ်တပ်နှင့် တူရကီတို့က အာဆာခါဒေသအား ထိုးစစ်ဆင်ရာတွင် ဘေရက်ခ်တာ TB2 ဒရုန်းများကို အသုံးပြုခဲ့ကြောင်း ထင်ရှားသည့် မီဒီယာအဖွဲ့အစည်းများ၊ အမေရိကန်နှင့် နိုင်ငံခြား ထောက်လှမ်းရေးအဖွဲ့များက ဖော်ပြခဲ့ကြသည်။ ထို့ပြင် အမေရိကန်အခြေစိုက် အကြံပေးအဖွဲ့ဖြစ်သည့် မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဆိုင်ရာ ဌာန CSIS ၏ အစီရင်ခံစာတစ်စောင်တွင်လည်း “နာဂိုနို-ကာရာဘာခါဒေသတွင် TB2 ကဲ့သို့ ဒရုန်းများသည် ရန်သူတပ်များကို ပစ်မှတ်ထားချေမှုန်းရာတွင် ထိရောက်ခဲ့သည်။ ရှာဖွေအတည်ပြုခြင်းနှင့် အချက်အလက်များအား ပစ်မှတ်ထားခြင်းအပြင် TB2 များသည် ပစ်မှတ်များကို အလိုအလျောက် ချေုမှုန်းရန် စမတ် မိုက်ခရိုလမ်းညွှန်စနစ် ပါတွင်သည့် စစ်လက်နက်များကို သယ်ဆောင်နိုင်သည်။ ဝါဒဖြန့်ချိရေး ဗီဒီယိုအများအပြားကို ရိုက်ကူးနိုင်ရေးအတွက် TB2 ဒရုန်းများတွင် ကြည်လင်ပြတ်သားမှု မြင့်မားသည့် ကင်မရာများကိုလည်း အဇာဘိုင်ဂျန်စစ်တပ်က အသုံးပြုခဲ့သည်။ အာမေးနီးယား တိုက်ခိုက်ရေးသမားများနှင့်

စစ်လက်နက်ပစ္စည်းများအား တိုက်ခိုက်မှုကို ရိုက်ကူးထားသည့် ဗီဒီယိုများကို အွန်လိုင်းနှင့် ဘာခူမြို့ရှိ ဒစ်ဂျစ်တယ် ဆိုင်းဘုတ်များတွင် ပြသခဲ့သည်။

သမိုင်း၏ ပထမဆုံး ဆဌမမြောက်မျိုးဆက် စစ်ပွဲတွင် တူရကီဒရုန်းများ၏ ကျေးဇူးကြောင့် ဝေဟင်တွင် အားသာချက်များစွာ ရရှိပြီး အာမေးနီးယားဆန့်ကျင်ရေးအတွက် တူရကီနှင့် အဇာဘိုင်ဂျန်နိုင်ငံတို့က ၎င်းတို့၏ ပြင်းထန်သည့် မူဝါဒကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့သည်။ သမ္မတအာဒိုဂန်ထောက်ခံသူများက အာမေးနီးယား လူမျိုးများနှင့် ဒေသတွင်း မလွဲမရှောင်သာ ဖြစ်ပွားလာမည့် အခြားစစ်ပွဲများတွင် ၎င်းတို့၏ ဒရုန်းများကို ပိုမိုအသုံးပြုလာမည်ဖြစ်သည်။

ပါကစ္စတန်နိုင်ငံအနေဖြင့် စီးပွားရေးအခက်အခဲများနှင့် ကိုယ်ပိုင် ဘဏ္ဍာငွေမရှိသော်လည်း ၎င်း၏ တရုတ် ထုတ် UCAV များနှင့်အတူ စွမ်းဆောင်ရည်ကောင်းသည့် တူရကီဒရုန်းများကို အသုံးပြုလာကြသည်။

တူရကီသည် Kargu ဟု အမည်ပေးထားသည့် လက်နက်တပ်ဆင်ထားပြီး တန်ဖိုးနည်း မောင်းသူမဲ့ယာဉ်ပျံများကို ထုတ်လုပ်လျက်ရှိသည်။ အဆိုပါ ယာဉ်ပျံများသည် ၁၀ ကီလိုမီတာအကွာအဝေးအထိ ပျံသန်းနိုင်ကာ ရော့ကက် ၆ စင်းကို သယ်ဆောင်နိုင်သည်။ အစွန်အဖျားဒေသရှိ စခန်းတစ်ခုက တစ်ကြိမ်လျင် ဒရုန်း ၁၀ စင်းကို အသုံးပြုနိုင်သည်။ တူရကီသုတေသနပညာရှင်နှင့် ကာတာတက္ကသိုလ်၏ Ibn Khaldon ဌာန၏ လက်ထောက်ပါမောက္ခတစ်ဦးဖြစ်သူ ဒေါက်တာအလီဘာကီရာက တူရကီသည် အမည်မဖော်ထားသည့် နိုင်ငံတစ်နိုင်ငံသို့ ဒရုန်းများ တင်ပို့ရောင်းချရန် မကြာသေးမီက စာချုပ်တစ်ခု ချုပ်ဆိုခဲ့ကြောင်း ပြောကြားသည်။

ပါကစ္စတန်စစ်တပ်သည် တရုတ်နိုင်ငံ DJI ကုမ္ပဏီ၏ Matrice 300 RTK ဒရုန်းများမှ Zenmuse H20T အမျိုးအစားအုပ်စုကိုလည်း စိတ်ဝင်စားနေသည်။ အဆိုပါ ဒရုန်းသည် ၅၅ မိနစ်အထိ ပျံသန်းနိုင်ပြီး လက်နက်၃ မျိုးအထိ တပ်ဆင်နိုင်သည့် ခေတ်မီဒရုန်းများဖြစ်သည်။

လက်ရှိ အခြေအနေအထိ မကျေနပ်နိုင်သေးသည့် ပါကစ္စတန်က နိုင်ငံတွင်း ဒရုန်းများ တပ်ဆင်နိုင်ရေးကို ပြင်ဆင်လျက်ရှိသည်။ တူရကီနိုင်ငံမှ ထိပ်တန်း UAV ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သော တူရကီလေကြောင်း စက်မှုလုပ်ငန်း (TAI) သည် ပါကစ္စတန်နိုင်ငံ၏ အမျိုးသားအင်ဂျင်နီးယာနှင့် သိပ္ပံကော်မရှင် (NESCOM) နှင့် သဘောတူစာချုပ် MoU လက်မှတ်ရေးထိုးထားရာတွင် TAI နှင့် NESCOM တို့သည် နည်းပညာ လွှဲပြောင်းရေးနှင့် TAI ၏ အလယ်အလတ်အမြင့်ပျံ MALE တိုက်ခိုက်ရေး ဒရုန်း Anka အစိတ်အပိုင်းများ ထုတ်လုပ်ရန် သဘောတူထားသည်။ ယင်းဒရုန်းများသည် လက်နက်အလေးချိန် ၂၅၀ ကီလိုဂရမ်ထိ သယ်ဆောင်ပြီး အမြင့်ပေ

၃ သောင်းအထိ ပျံ့သန်းနိုင်သည်။ ပါကစ္စတန်က UCAV တပ်အား အင်အားတိုးချဲ့ခြင်းသည် အာဖဂန်နစ္စတန်၌ တာလီဘန် ရုပ်သေးအစိုးရ အာဏာဆက်လက်တည်မြဲစေလိမ့်မည်ဖြစ်သည်။

ထို့ပြင် တာလီဘန်နှင့် ပါကစ္စတန်တို့၏ ဆက်ဆံရေးကို ကမ္ဘာက သိရှိထားပြီးဖြစ်သည်။ တာလီဘန်ခေါင်းဆောင်များသည် ပါကစ္စတန်တွင် ရှင်သန်ကြီးပွားလာကြသည်။ မကြာသေးမီကလည်း ၎င်းတို့၏ ဒဏ်ရာရသော တပ်ဖွဲ့ဝင်များကို ပါကစ္စတန်၏ ဆေးရုံများတွင် ဆေးဝါးကုသပေးနိုင်ခဲ့သည်။

အမေရိကန်နိုင်ငံရေး သိပ္ပံပညာရှင် စီခရစ်စတင်းဖဲယားက Foreign Policy မဂ္ဂဇင်း၌ ‘ပါကစ္စတန်၏ ထောက်လှမ်းရေးနှင့် စစ်ဘက်အဖွဲ့အစည်းများ၏ ရက်ရောသော အကူအညီမရရှိပါက တာလီဘန်တို့သည် ထိရောက်သည့် တိုက်ခိုက်ရေးတပ်ဖွဲ့များ ဖြစ်မလာဘဲ အနှောက်အယှက်ပေးသည့် အုပ်စုအဖြစ်သာ ရှိနေလိမ့်မည်’ ဟု ရေးသားခဲ့သည်။

(စာရေးသူ ဗာဟရမ်အီဗာဇီယန်သည် Armenian Network State ကို ထူထောင်သူဖြစ်သည်။ သူသည် နိုင်ငံတကာဆက်ဆံရေးနှင့် လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ အကြောင်းအရာများကို ကျွမ်းကျင်သူတစ်ဦး ဖြစ်သလို အမေရိကန်ဒုသမ္မတဟောင်း အယ်လ်ဂိုးထူထောင်သည့် Climate Reality Leader အဖွဲ့စတင်ချိန်ကပင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly