ကျိုက်ထိုတွင် မလေးရှားပို့မည့် ကျပ်သန်းပေါင်း ၄ သောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ

ကျိုက်ထိုတွင် မလေးရှားပို့မည့် ကျပ်သန်းပေါင်း ၄ သောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ

စက်တင်ဘာ ၁၆

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် ငွေကျပ်သန်းပေါင်း လေးသောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေး ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) က စက်တင်ဘာလ၁၅ ရက်တွင် ထုတ်ပြန်သည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်ရှိ မရမ်းချောင် စစ်ဆေးရေးစခန်းတွင် စစ်တောင်းတံတားဘက်မှ ကျိုက်ထိုဘက်သို့ မောင်းနှင်လာသည့် Alphard မော်တော်ယာဉ်နှင့် ခြောက်ဘီးယာဉ်တို့ကို စက်တင်ဘာလ၁၀ ရက်တွင် စစ်ဆေးခဲ့ရာမှ မူးယစ်ဆေးများ ဖမ်းဆီးရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဦးမြင့်ကို ဦးဆောင်မောင်းနှင်ပြီး ဒေါ်မီမီအေး (ခ) မီမီအေးကျော် လိုက်ပါစီးနင်းလာသည့် Alphard မော်တော်ယာဉ်ပေါ်မှ ငွေကျပ် ၅၁၇ ဒသမ ၂၈ သိန်းကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း CCDAC Myanmar၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းတို့ နောက်ကားဖြစ်သည့် ဦးစိုးသူရမောင်းနှင်ပြီး မင်းထင်နှင့် စောမြင့်တို့ စီးနင်းလာသည့် Tipper အဖြူရောင် ၆ ဘီးယာဉ်အား ထပ်မံစစ်ဆေးရှာဖွေခဲ့ရာ ကားနောက်ခန်းတွင် အသီးအနှံများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဆာလာအိတ် ၅၂ အိတ်အတွင်းမှ ကာလတန်ဖိုး ငွေကျပ် ၄၁ ဒသမ ၁၇၅ ဘီလီယံ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁,၀၀၀ ကီလိုနှင့် ကက်တမင်း ၄၇ ကီလို ကို သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယင်းနောက် ကွင်းဆက်များအဖြစ် မူးယစ်ဆေးဝါးသယ်ဆောင်ရာတွင် ပူးပေါင်းဆောင်ရွက်ခဲ့သူ ကျော်ဇောဝင်း(ခ)သားသားအား ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ မြန်မာပလာဇာတွင် စက်တင်ဘာ ၁၁ ရက်က ထပ်မံဖမ်းဆီးရရှိခဲ့သည့်အတွက် ၎င်းတို့ ခြောက်ဦးကို အရေးယူထားကြောင်း CCDAC Myanmar က ဆိုသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများသည် ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်မှ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သို့ သယ်ဆောင်ပြီး ပင်လယ်ရေကြောင်းမှတဆင့် မလေးရှားရေပိုင်နက်သို့ ပို့ဆောင်သွားမည့် မူးယစ်ဆေးဝါးများဖြစ်ကြောင်းလည်း မြန်မာနိုင်ငံမူးယစ်ဆေး ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required