ကိုယ်ဝန်သည်နှင့် နို့တိုက်မိခင်အပါအဝင် စစ်ရှောင် ၄၀ နီးပါး COVID-19 ကူးခံရ

ကိုယ်ဝန်သည်နှင့် နို့တိုက်မိခင်အပါအဝင် စစ်ရှောင် ၄၀ နီးပါး COVID-19 ကူးခံရ

စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့ပေါ်ရှိ တိုက်ပွဲရှောင်စခန်းများမှ တိုက်ပွဲရှောင် ၃၇ ဦးသည် COVID-19 ရောဂါပိုး ကူးစက်ခံထားရသည်ဟု တိုက်ပွဲရှောင်စခန်း၏ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

ကူးစက်ခံရသူများတွင် ကိုယ်ဝန်သည် မိခင် သုံးဦး၊ နို့တိုက်မိခင် လေးဦးနှင့် သုံးနှစ်အထက် ကလေးငယ်နှစ်ဦး ပါဝင်ကြောင်း သိရသည်။

မုံးကိုး တိုက်ပွဲရှောင်စခန်းမှ တာဝန်ရှိသူတစ်ဦးက “စခန်းသုံးခုစလုံးမှာ အာခေါင် တို့ဖတ်တွေယူပြီး စစ်လိုက်တော့ အဲဒီလောက်ထွက်တာ။ နို့တိုက်မိခင်တစ်ယောက် သူ့ကလေးက လသားပဲ ရှိသေးတာ။ Positive လူနာထားတဲ့ အဆောင်တစ်ခု လုပ်ထားချင်တာ။ ဒီမှာလည်း နေရာ အခက်အခဲရှိနေတော့ အဆင်မပြေဘူး” ဟု ပြောသည်။

ကူးစက်ခံထားရသည့် တိုက်ပွဲရှောင်များကို မုံးကိုးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း၊ ပိုးတွေ့သူရှိလာသည့်အတွက် တိုက်ပွဲရှောင်များက ရွာကို ပြန်ချင်သော်လည်း စစ်ရေး တင်းမာနေခြင်းကြောင့် မပြန်နိုင်သေးကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီနှင့် MNDAA တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဩဂုတ်လကုန်ပိုင်းမှစ၍ ရွာ ခုနှစ် ရွာမှ ဒေသခံများသည် မုံးကိုးမြို့‌ သို့လာရောက်ကာ တိုက်ပွဲရှောင်နေကြရသည်။ တိုက်ပွဲရှောင်အရေအတွက်မှာ မြို့ပေါ်ရှိ ကချင် အသင်းတော်ကျောင်းတွင် ၄၆၄ ဦး၊ ဘုန်းကြီးကျောင်းတွင် ၁၇၆ ဦးနှင့် လီဆူ ဘုရားကျောင်းတွင် ၁၀၀ ဦး ဖြစ်သည်။

Photo-Local

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly