မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင် အသေခံဗုံးခွဲမှုများ ပေါ်ပေါက်နိုင်ဟု ဂျပန်သတိပေး

မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင် အသေခံဗုံးခွဲမှုများ ပေါ်ပေါက်နိုင်ဟု ဂျပန်သတိပေး

စက်တင်ဘာ ၁၅

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုကဲ့သို့သော အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်နိုင်ကြောင်း ဂျပန်နိုင်ငံရေး ဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်လိုက်သည်။

‘အသေခံဗုံးခွဲ တိုက်ခိုက်မှုများတိုးမြင့်လာမည့် အန္တရာယ်ရှိသည်’ ဟု သတင်းရရှိထားကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုလိုက်ပြီး မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ နှင့် မလေးရှားနိုင်ငံတို့တွင် နေထိုင်သည့် ဂျပန်နိုင်ငံသားများအနေဖြင့် ဘာသာရေးဆိုင်ရာနေရာများသို့ မသွားဘဲနေကြရန် ဂျပန်နိုင်ငံက စက်တင်ဘာ ၁၃ရက်တွင် သတိပေးလိုက်ကြောင်း ဗြိတိန်အခြေစိုက် Independent သတင်းတစ်ရပ်တွင် ရေးသားထားသည်။

“ဘာသာရေး ဝတ်ပြုရာနေရာများကဲ့သို့သော လူအများစုဝေးသည့် နေရာများတွင် အသေခံဗုံးခွဲတိုက်ခိုက်မှု များ တိုးမြင့်ဖြစ်ပေါ်လာနိုင်သည်ဟု သတင်းရရှိထားပါသည်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတိပေးချက်တွင် ရေးသားထားသည်။

ယင်းအပြင် အဆိုပါ နိုင်ငံခြောက်နိုင်ငံတွင် နေထိုင်သည့် ဂျပန်နိုင်ငံသားများသည် အနောက်နိုင်ငံများ ပိုင်ဆိုင်သည့် ပစ္စည်းများ၊ နေရာများကိုလည်း ရှောင်ကြရန် ဂျပန်နိုင်ငံခြားရေးဌာနက ၎င်း၏နိုင်ငံသားများကို ထပ်မံ တိုက်တွန်းထားသည်။

ဂျပန်နိုင်ငံသည် အဆိုပါ နိုင်ငံများနှင့် ပြိုင်ဘက်လည်း မဟုတ်၊ ရန်သူလည်းမဟုတ်ဟု ယူဆထားပြီး တည်ငြိမ်သော ဆက်ဆံရေးရှိသည်ဟု ဆိုသည်။

ဂျပန်နိုင်ငံခြားရေးဌာန၏ သတိပေးချက်သည် ထိုနိုင်ငံများအတွက် တုန်လှုပ်ဖွယ် ဖြစ်ခဲ့ရပြီး အဆိုပါ သတိပေးချက်ကို မလေးရှားနိုင်ငံရှိ ဂျပန်သံရုံး၏ ဝက်ဆိုက်တွင် တနင်္လာနေ့က ထုတ်ပြန်ခဲ့သည်။

“အကြမ်းဖက်တိုက်ခိုက်မှု မခံရရေး အထူးသတိပြုနေထိုင်ကြပါရန် ကျွန်ုပ်တို့ ဂျပန်နိုင်ငံသား အားလုံးကို ပြောဆိုထားပါသည်” ဟု အဆိုပါကြေညာချက်တွင် ရေးသားထားသည်။

တိုက်ခိုက်ခံရနိုင်သော ပစ်မှတ်များဖြစ်ဖွယ်ရှိသည့် စားသောက်ဆိုင်၊ ဟိုတယ် အစရှိသည့် အနောက်နိုင်ငံပိုင် နေရာဌာနများသို့ သွားရောက်ခြင်းမှ ရှောင်ရှားကြပါရန် ဂျပန်နိုင်ငံသားများကို ထိုထုတ်ပြန်ချက်က ပြောဆို ထားသည်။

ဂျပန်၏ထုတ်ပြန်ကြေညာချက်တွင်မပါဝင်သည့် အခြားနိုင်ငံများတွင် နေထိုင်သည့် ဂျပန်အများစုက ထိုကြေညာချက်နှင့် ပတ်သက်၍ အံ့ဩရကြောင်း၊ ထိုသတင်းအား မည်သည့်နေရာမှ ရရှိသည်ဆိုသည့် အသေးစိတ်နှင့် အဆိုပါ ခြိမ်းခြောက်မှုမျိုးရှိနေသည်ဆိုသည်ကို မသိရှိရကြောင်း ပြောဆိုကြသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့ကမူ ပယ်ချထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းထားသည့် ဖေဖော်ဝါရီ ၁ရက် နောက်ပိုင်း ဆန္ဒပြမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့သည်။ စစ်တပ်ကလည်း ၎င်းကို ဆန့်ကျင်သည့် ပြည်သူများကို အကြမ်းဖက်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများ ယနေ့ထိ ပြုလုပ်နေဆဲဖြစ်သည်။ ယင်းအပြင် မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ကွဲမှုများ နေ့စဉ်ဖြစ်ပေါ်လျက်ရှိနေသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတိပေးချက်အပေါ် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တန်နီးဆန်ဂရတ် (Tanee Sangrat) ကမူ သတိပေးချက်၏ မူလရင်းမြစ်ကို မသိရှိကြောင်းနှင့် ဤသတိပေးချက်သည် ‘ထိုင်းနိုင်ငံကို အထူးပြုထုတ်ပြန်ခြင်း မဟုတ်ကြောင်း’ မှတ်ချက်ပြုထားသည်။

ထိုင်းရဲတပ်ဖွဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ ကစ်စနားပသန်နာချာရိုအင် (Kissana Pathanacharoen) ကလည်း ထိုင်းလုံခြုံရေး အေဂျင်စီများအနေဖြင့်လည်း ဖြစ်နိုင်ဖွယ်ရှိသည့် ခြိမ်းခြောက်မှုနှင့်ပတ်သက်၍ မည်သည့် သတင်းမျှ မရရှိထားကြောင်း ဆိုသည်။

အလားတူပင် ဖိလစ်ပိုင်နိုင်ငံခြားရေးဌာနကလည်း သူတို့အနေဖြင့် ခြိမ်းခြောက်မှုအဆင့်တိုးမြင့်လာသည်ဆိုသည့် မည်သည့်သတင်းအချက်အလက်မျှ ရရှိထားခြင်းမရှိကြောင်း ပြောသည်။ အလားတူပင် အင်ဒိုနီးရှားနိုင် ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တေကူဖိုင်ဇာဆယာ (Teuku Faizasyah) ကလည်း သူတို့နိုင်ငံ တွင်းရှိ ဂျပန်နိုင်ငံသားများကို အဆိုပါသတိပေးချက်ထုတ်ပြန်ခဲ့သည်ဆိုသည့် သတင်းကိုပင် ငြင်းဆိုသွားခဲ့သည်။

သတိပေးချက်တွင် ဒေသခံသတင်းများကို သေချာစွာ စောင့်ကြည့်ပါရန်နှင့် ‘ယခုလောလောဆယ်တွင်’ သတိ နှင့်နေထိုင်ကြရန် ဂျပန်နိုင်ငံသားများသို့ ညွှန်ကြားချက်လည်းပါဝင်ပြီး နောက်ထပ်အသေးစိတ်အချက်အ လက်များပါဝင်ခြင်းမရှိချေ။

အေပီသတင်းဌာနက မေးမြန်းသည့်အခါ အဆိုပါသတင်းအချက်အလက်ကို အခြားနိုင်ငံများနှင့် မျှဝေထားခြင်းရှိမရှိ ကိုအသေးစိတ်ဖြေကြားပြောဆိုရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ငြင်းဆန်ခဲ့ပြီး သတင်းရင်းမြစ်ကို ထုတ်ဖော်ပြောဆိုခြင်းလည်း မပြုခဲ့ပါ။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ အဆိုပါသတိပေးချက်ကို သက်ဆိုင်ရာ နိုင်ငံများရှိဂျပန်သံရုံးများသို့ ပေးပို့ခဲ့ပြီး ထိုနိုင်ငံများရှိ ဂျပန်နိုင်ငံသားများကို အသိပေးပါရန်ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required