ကြားဖြတ်ထောက်လှမ်းမှုနည်းပညာ ဖော်ဆောင်ရန် ဖိအားပေးခံရပြီးနောက် မြန်မာနိုင်ငံရှိ လုပ်ငန်းကို ရောင်းချရခြင်းဖြစ်ဟု တယ်လီနော ပြော

ကြားဖြတ်ထောက်လှမ်းမှုနည်းပညာ ဖော်ဆောင်ရန် ဖိအားပေးခံရပြီးနောက် မြန်မာနိုင်ငံရှိ လုပ်ငန်းကို ရောင်းချရခြင်းဖြစ်ဟု တယ်လီနော ပြော

စက်တင်ဘာ ၁၅

ကြားဖြတ် ထောက်လှမ်းစောင့်ကြည့်မှုဆိုင်ရာ နည်းပညာ (intercept surveillance technology) အသက်သွင်းဖော်ဆောင်ရန် မြန်မာအာဏာသိမ်းစစ်အုပ်စုဘက်က “ဆက်တိုက် ဖိအားပေးနေခဲ့” ပြီးနောက်ပိုင်း ဥရောပသမဂ္ဂ အရေးယူပိတ်ဆို့မှုများကနေ ရှောင်လွဲနိုင်ရန်အတွက် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းကို ရောင်းချရခြင်း ဖြစ်ကြောင်း နော်ဝေတယ်လီကွန်းကုမ္ပဏီ တယ်လီနော၏ အာရှဆိုင်ရာ အကြီးအကဲက ရိုက်တာကို ပြောသည်။

တယ်လီနောသည် မြန်မာနိုင်ငံရှိ ယင်း၏ ဆက်သွယ်ရေးလုပ်ငန်းကို လက်ဘနွန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ M1 Group ထံ ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချမည်ဟု ဇူလိုင်လက ကြေညာခဲ့ရာတွင် ဆက်သွယ်ချိတ်ဆက်မှုများအတွက် ယင်း၏ ဝန်ဆောင်မှုများကို အားထားနေရသည့် နိုင်ငံရှိ တက်ကြွလှုပ်ရှားသူများဘက်မှ ဆန့်ကျင်ကန့်ကွက်မှုများ ပေါ်ပေါက်ထားခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံသားပြည်သူများ၏ ဆက်သွယ်ပြောဆိုမှုများကို စစ်တပ်က လွတ်လပ်စွာ ခိုးနားထောင်နိုင်စေမည့် ကြားဖြတ်ထောက်လှမ်းမှုနည်းပညာ တပ်ဆင်ရေးကို ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုမဖြစ်မီ လများကတည်းက တယ်လီကွန်းနှင့် အင်တာနက်ဝန်ဆောင်မှု ထောက်ပံ့သည့် လုပ်ငန်းများကို လျှို့ဝှက်ညွှန်ကြားထားခဲ့ကြောင်းကို မေလက ရိုက်တာ၏ စုံစမ်းစစ်ဆေးမှုတစ်ရပ်အရ တွေ့ရှိထားခဲ့သည်။

“စစ်တပ် အာဏာသိမ်းပြီးနောက်မှာ ကျွန်တော်တို့ ဒီနိုင်ငံမှာ ရှိနေမယ်ဆိုရင် တယ်လီနောမြန်မာအနေနဲ့ ကြားဖြတ်ထောက်လှမ်းမှု ပစ္စည်းကိရိယာတွေနဲ့ နည်းပညာတွေကို မြန်မာအာဏာပိုင်တွေ အသုံးပြုဖို့အတွက် တပ်ဆင်ဖော်‌ဆောင်ဖို့ လိုအပ်မယ်ဆိုတာဟာ ကျွန်တော်တို့အတွက် ရှင်းရှင်းလင်းလင်း ဖြစ်လာခဲ့ပါတယ်” ဟု တယ်လီနော၏ အာရှဆိုင်ရာ အကြီးအကဲ ဂျော်ဂန် ရော့စ်ထရပ်က အင်တာဗျူးတစ်ခုတွင် ပြောသည်။

လူ့အခွင့်အရေးကို ကာကွယ်ရန် မြန်မာနိုင်ငံတွင် ဥပဒေ သို့မဟုတ် စည်းမျဉ်းဆိုင်ရာ အကာအကွယ်များ ရှိမနေသည့်အချိန်တွင် ထိုကဲ့သို့ ကြားဖြတ်‌ထောက်လှမ်းစောင့်ကြည့်မှုနည်းပညာ အသက်သွင်းခွင့်ပြုခြင်းက အရှေ့တောင်အာရှနိုင်ငံအပေါ် ၂၀၁၈ အီးယူလက်နက်ကုန်သွယ်မှုပိတ်ပင်မိန့်တစ်ရပ်ကို ချိုးဖောက်ရာ ရောက်လိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

“တယ်လီနောမြန်မာအနေနဲ့ အဲဒီ ပစ္စည်းကိရိယာတွေ အသက်သွင်း ဖော်ဆောင်ထားခြင်း မရှိသလို ဒါကို မိမိသဘောဆန္ဒအလျောက် လုပ်မှာမဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။ မြန်မာနိုင်ငံရှိ တယ်လီနော၏ လုပ်ငန်းများတွင် ယင်း ကြားဖြတ်ထောက်လှမ်းမှုနည်းပညာ တပ်ဆင်ထားပြီးဖြစ်သလား ဆိုသည်ကို မှတ်ချက်ပေးရန် ၎င်းက ငြင်းဆန်ခဲ့သည်။

ရော့စထရပ်၏ ပြောဆိုမှုများသည် မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် တယ်လီနောမြန်မာ၏ မဟာဗျူဟာအပေါ် ကြားဖြတ်ထောက်လှမ်းမှုနည်းပညာ၏ သက်ရောက်မှုနှင့်ပတ်သက်ပြီး တယ်လီနောဘက်က ပထမဆုံးအကြိမ် ထုတ်ဖော်မှုလည်း ဖြစ်သည်။

ယခုကိစ္စနှင့်ပတ်သက်၍ သဘောထားမှတ်ချက်ပေးရန် ပန်ကြားမှုကို မြန်မာစစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အဖြေမပေးခဲ့ပေ။ နော်ဝေ၏ စက်မှုဝန်ကြီးဌာနကလည်း ယင်းကိစ္စနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းခဲ့ပြီး လုပ်ငန်းရောင်းချမှုက တယ်လီနော ဘုတ်အဖွဲ့နှင့် စီမံခန့်ခွဲမှုပိုင်းက လုပ်ဆောင်သည့် ဆုံးဖြတ်ချက်တစ်ခု ဖြစ်သည်ဟု ပြောခဲ့သည်။
ရာဇဝတ်သားများကို ဖမ်းရန်အတွက် ဥပဒေစိုးမိုးရေးအေဂျင်စီများ အသုံးပြုနိုင်ရန် “ဥပဒေနှင့်အညီ ကြားဖြတ်နားထောင်ခြင်း” များအတွက် အစိုးရအများအပြားက ခွင့်ပြုသည်။ သို့သော် ဒီမိုကရေစီနိုင်ငံ အများစု နှင့် ယုတ်စွအဆုံး အာဏာရှင်ဆန်သော အစိုးရများအုပ်ချုပ်သည့် နိုင်ငံတစ်ချို့တို့တွင် ဥပဒေလုပ်ငန်းစဉ် အမျိုးအစားတစ်ခုခု မရှိဘဲ ယင်းနည်းပညာကို သာမန်အားဖြင့် အသုံးပြုခြင်း မရှိဟု ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်ပညာရှင်များက ပြောသည်။

တယ်လီနော မြန်မာ၏ ‌ရောင်းချမှုကို ရပ်ဆိုင်းရန် သို့မဟုတ် နောက်ဆုတ်ရွှေ့ဆိုင်းရန် မြန်မာတက်ကြွလှုပ်ရှားသူများက တောင်းဆိုထားကြသည်။ သို့သော် တယ်လီနောအနေဖြင့် ရွေးချယ်စရာ မရှိတော့ဟု ခံစားခဲ့ရပြီး နိုင်ငံကနေ ထွက်ခွာရန်သာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ အီးယူ ပိတ်ဆို့ဒဏ်ခတ်မှုကို လိုက်နာပြီး ကြားဖြတ်စောင့်ကြည့်မှုနည်းပညာအသက်မသွင်းဘဲ ထားပါက ယင်း၏ အမှုထမ်းများ၏ ဘေးကင်းမှုအတွက် စိတ်မချရမှု ဖြစ်စေနိုင်ကြောင်းနှင့် ကြားဖြတ်ထောက်လှမ်းမှုနည်းပညာ အသက်သွင်းဖော်ဆောင်ခွင့်ပြုပါကလည်း ယင်းသည် “မိမိတို့၏ တန်ဖိုးများနှင့် စည်းမျဉ်းများ” ကို လုံးလုံးလျားလျား ချိုးဖောက်မှုတစ်ခု ဖြစ်လိမ့်မည်ဖြစ်ကြောင်း ရော့စထရပ်က ပြောခဲ့သည်။

မြန်မာနိုင်ငံရှိ တယ်လီကွန်းကုမ္ပဏီများမှ အကြီးတန်းအမှုဆောင်အရာရှိများအနေဖြင့် နိုင်ငံကနေ ထွက်ခွာရန် အထူးခွင့်ပြုချက် တောင်းခံရန် လိုအပ်သည်ဟု အာဏာသိမ်းစစ်တပ်က ပြောထားကြောင်း ရိုက်တာက ဇူလိုင်လတွင် ဖော်ပြခဲ့သည်။ ထို ခရီးသွားပိတ်ပင်ချက်နှင့်အတူ ကြားဖြတ်ထောက်လှမ်းမှုနည်းပညာ အပြည့်အဝ ဖော်ဆောင်ရန် တယ်လီကွန်းကုမ္ပဏီများအပေါ် ဒုတိယအကြိမ်မြောက် ညွှန်ကြားချက် တစ်ခုလည်း ထွက်ရှိထားခဲ့သည်။

ခရီးသွားပိတ်ပင်ချက်နှင့်ပတ်သက်ပြီး တယ်လီနောက မှတ်ချက်ပေးရန် ငြင်းဆန်သည်။

တယ်လီနောက M1 ကို ရွေးချယ်ခဲ့ခြင်းမှာ ယင်းသည် မြန်မာရှိ အာဏာပိုင်များ သို့မဟုတ် စစ်တပ်အကြား တိုက်ရိုက် ဆက်ဆံပတ်သက်မှု မရှိဟု တွေ့ရှိပြီးနောက် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ရော့စထရပ်က ပြောခဲ့သည်။

လုပ်ငန်း ရောင်းချမှု သဘောတူညီချက်ကို သက်ဆိုင်ရာ စည်းမျဉ်းပိုင်းဆိုင်ရာ သုံးသပ်မှုအတွက် မြန်မာအာဏာပိုင်များထံ မကြာသေးခင်က တင်သွင်းထားခဲ့ကြောင်းနှင့် လုပ်ငန်းစဉ်သည် ရက် ၆၀ ခန့် ကြာမည်ဟု မျှော်လင့်ရကြောင်း ၎င်းက ပြောခဲ့သည်။

စစ်အာဏာသိမ်းမှုမတိုင်မီက တယ်လီနောသည် မြန်မာနိုင်ငံတွင် အကြီးဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတစ်ဦး ဖြစ်ခဲ့ပြီး ယမန်နှစ်က မြန်မာနိုင်ငံရှိ လုပ်ငန်းမှ ဝင်ငွေသည် ယင်း၏ စုစုပေါင်းဝင်ငွေရရှိမှု၏ ၇ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ သို့သော် တယ်လီနောသည် မေလတွင် မြန်မာနိုင်ငံရှိ ယင်း၏ လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံထားသည့် ဒေါ်လာ ၇၈၃ သန်းကို အရှုံးစာရင်းပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required