ကမ္ဘောဒီးယားမှာ ဘေးနည်းပါးတဲ့ ဧရိယာတွေက စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ် 

ကမ္ဘောဒီးယားမှာ ဘေးနည်းပါးတဲ့ ဧရိယာတွေက စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ် 
Photo - AFP

စက်တင်ဘာ ၁၅

COVID-19 ဘေးအန္တရာယ် နည်းပါးတယ်လို့ နယ်မြေဧရိယာက စာသင်ကျောင်းတွေကို ကမ္ဘောဒီးယားနိုင်ငံမှာ ပြန်လည်ဖွင့်လှစ်တာကြောင့် ဖနွမ်းပင်က ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမတွေဟာ စာသင်ကျောင်းတွေဆီ ပြန်ရောက်လာကြပြီ ဖြစ်ပါတယ်။ 

တရုတ်ကနေ ရောက်ရှိနေထိုင်သူတွေကြား ပထမဆုံး ကူးစက်မှု တွေ့ရှိပြီး COVID-19 ကူးစက်ဖြစ်ပွားမှုကို ကြုံဆုံရတဲ့ ဖေဖော်ဝါရီနှောင်းပိုင်းကစလို့ အရှေ့တောင်အာရှ ဘုရင့်တိုင်းပြည် ကမ္ဘောဒီးယားနိုင်ငံဟာ နိုင်ငံအနှံ့က စာသင်ကျောင်းတွေကို ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။ 

နိုင်ငံမှာ အသက် ၁၈ နှစ်အထက်ရဲ့ ၉၇ ရာခိုင်နှုန်းကျော်နဲ့ အသက် ၁၂ နှစ်အထက် ကလေးငယ် ၈၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပေးပြီးနိုင်တဲ့နောက်မှာ ခုလို ဘေးနည်းတဲ့ ဧရိယာတွေက စာသင်ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်လာတာပဲ ဖြစ်ပါတယ်။ 

“အစိုးရက ကျောင်းတွေ ပြန်ဖွင့်လို့ ကျောင်းတက်ပြီး သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရပေမယ့် COVID-19 က မပျောက်ကွယ်သွားသေးတာကြောင့် သမီးတို့တွေ လူခွာနေတာကို ဆက်လက်လိုက်နာသွားမှာ ဖြစ်ပါတယ်၊ သမီးတို့က ကိုယ်ကိုကို ကာကွယ်ကြရလိမ့်မယ်”လို့ ဆိုဖတ် ပန်ဟာဆိုတဲ့ ကျောင်းသူက ပြောပါတယ်။ 

“သမီး ဒီနှစ်မှာ ၁၁ တန်း တက်တာပါ၊ နောက်နှစ်ဆို ၁၂ တန်းရောက်ပြီ၊ ဒါကြောင့် ကျောင်းတွေ ပြန်မပိတ်စေချင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းတက်ပြီး စာသင်ရမှပဲ ၉၀ ရာခိုင်နှုန်းလောက် စာလိုက်နိုင်တာလေ”လို့ သူက ပြောပါတယ်။ 

ကောင်မူအွိုင်လန်းဆိုတဲ့ ကျောင်းသူကလည်း “အွန်လိုင်းက စာသင်ရတာ ခက်တယ်၊ အင်တာနက် ပြဿနာလည်း ရှိနေတယ်၊ သမီးက ကျောင်းမှာပဲ စာသင်ချင်တယ်၊ ဆရာ၊ ဆရာမတွေနဲ့ တိုက်ရိုက်တွေ့ပြီး စာသင်ရတာမို့ ပိုပြီး ကောင်းတယ်”လို့ ပြောပါတယ်။ 

ကမ္ဘောဒီးယားနိုင်ငံမှာ လက်ရှိအထိ COVID-19 ကြောင့် သေဆုံးသူ ၂၀၆၇ ဦး ရှိပြီး ကူးစက်ဖြစ်ပွားသူက ၁၀၁၄၄၃ ဦး ရှိထားပါတယ်။ 

ကမ္ဘောဒီးယားရဲ့ အကြီးစား ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းစဉ်ကြောင့် လက်ရှိအထိ ရည်ရွယ်ရာ လူ ဆယ်သန်းမှာ ၉၇ ဒသမ ၅ ရာခိုင်နှုန်းကို ဗြိတိန်ထုတ် AstraZeneca ကာကွယ်ဆေး၊ အမေရိကန်က လှူဒါန်းတဲ့ Johnson & Johnson နဲ့ တရုတ်ထုတ် Sinovac နဲ့ Sinopharm ကာကွယ်ဆေးတွေ ထိုးနှံပေးပြီးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

ဆယ်ကျောက်သက် ၂ သန်းကျော်ရဲ့ ၈၇ ရာခိုင်နှုန်းကိုလည်း ဆေးထိုးနှံပေးပြီးပါပြီ။ 

Delta ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ နိုင်ငံအနှံ့ ကူးစက်ပြန့်နှံနေတာကြောင့် COVID-19 ကာကွယ်ရေးကို မြှင့်တင်နိုင်ဖို့အတွက် ရှေ့တန်းက ပြည်သူတွေနဲ့ အစိုးရဝန်ထမ်းတွေကို ကိုရိုနာဗိုင်းရပ်စ် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးဖို့ လုပ်ဆောင်နေပါတယ်။ 

အသက် ၆ နှစ်နဲ့ ၁၂ ကြား ကလေးငယ်တွေကို သောကြာနေ့ကစပြီး ကာကွယ်ဆေး စတင်ထိုးနှံပေးတော့မှာလည်း ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly