COVID-19 ကူးစက်ထားသူနှင့် ထိတွေ့ဆက်ဆံမိပြီးနောက် ရုရှသမ္မတ ပူတင် သီးခြားခွဲနေထိုင်နေ 

COVID-19 ကူးစက်ထားသူနှင့် ထိတွေ့ဆက်ဆံမိပြီးနောက် ရုရှသမ္မတ ပူတင် သီးခြားခွဲနေထိုင်နေ 
Photo - AFP

စက်တင်ဘာ ၁၅

ရုရှသမ္မတ ပူတင်ဟာ သူ့ရဲ့ အတွင်းစည်းလူတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စစ်ဆေးတွေ့ရှိအပြီး စတင်သီးခြားခွဲ နေထိုင်နေချိန်မှာပဲ ရုရှထုတ် Sputnik V ကာကွယ်ဆေးက သူကို ကာကွယ်ပေးနိုင်မယ်လို့ ယုံကြည်မျှော်လင့်ထားကြောင်း အင်္ဂါနေ့မှာ ပြောလာပါတယ်။ 

ရုရှနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်မားနေတာနဲ့အတူ ကာကွယ်ဆေးအပေါ် သံသယရှိသူတဲ့ လူဦးရေကြောင့် ရုန်းကန်နေရတဲ့အချိန်မှာ ဒါက ‘သဘာဝကျကျ လက်တွေ့စမ်းသပ်မှု’ ဖြစ်လာပါလိမ့်မယ်လို့ ပူတင်က သူ ကာကွယ်ဆေးထိုးထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြောပါတယ်။ 

ပူတင်ဟာ အခုသီတင်းပတ်နှောင်းမှာ ဒေသတွင်းထိပ်သီးအစည်းအဝေးတစ်ရပ်အတွက် တာဂျစ်ကစ္စတန်နိုင်ငံ ဒက်ရှန်ဘီမြို့တော်ဆီ သွားရောက်ဖို့ ရှိပေမယ့် သမ္မတ အမ်မိုမာလီရက်ခမွန်နဲ့ ဖုန်းပြောဆိုပြီး သူ့အနေနဲ့ လူကိုယ်တိုင် တက်ရောက်နိုင်တော့မှာ မဟုတ်ကြောင်း ပြောဆိုခဲ့တယ်လို့ ကရင်မလင်က ထုတ်ပြန်ပါတယ်။ 

ပူတင်က လုံးလုံး ကျန်းမာပေမယ့် အစည်းအဝေးအခမ်းအနားတွေကိုတော့ လူကိုယ်တိုင် တက်ရောက်နိုင်ဦးမှာ မဟုတ်ပါဘူးလို့ ကရင်မလင် ပြောခွင့်ရသူ ဒီမီထရီပီစကော့က သတင်းထောက်တွေကို ပြောပါတယ်။ 

သမ္မတ ပူတင်က ဘယ်အချိန်လောက်ထိ သီးခြားခွဲနေထိုင်ရမလဲဆိုတာနဲ့ သူရဲ့ နောက်လိုက်နောက်ရံတွေထဲက ဘယ်သူ့မှာ ဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိတာလဲဆိုတာကိုတော့ သူက အတိအကျ ပြောဆိုခြင်း မရှိပါ။ 

ပူတင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးပြီးမပြီးနဲ့ ကူးစက်မှု မရှိဘူးဆိုတာ ကျိန်းသေသလားလို့ မေးမြန်းတာကို “လုံးဝ သံသယဖြစ်စရာ မရှိဘူး”လို့ ဒီမီထရီ ပီစကော့ဗ်က တုံ့ပြန်ဖြေပါတယ်။ 

ရုရှပြည်တွင်းထုတ် Sputnik V ကာကွယ်ဆေး ထိုးနှံခံပြီးသားလို့ ပြောထားတဲ့ ပူတင်အနေနဲ့ စီစဉ်ထားတဲ့ စက်တင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ လွှတ်တော်ရွေးကောက်ပွဲကာလတိုင်အောင် သီးခြားခွဲနေရဦးမလားဆိုတာလည်း သေချာစွာ မသိရပါ။ 

သီးခြားခွဲနေပြီး ပထမဆုံး အများပြည်သူထံ ထုတ်ပြန်ပြောဆိုရာမှာ ပူတင်က သူ့ကို Sputnik V ကာကွယ်ဆေးက ကိုရိုနာဗိုင်းရပ်စ်ကနေ ကာကွယ်ပေးလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ပြောဆိုခဲ့ပါတယ်။  

“ဒါဟာ သဘာဝကျကျ စမ်းသပ်မှုပါ၊ Sputnik V ကာကွယ်ဆေး လက်တွေ့ အလုပ်ဖြစ်တယ်ဆိုတာ မြင်ကြရမှာပေါ့”လို့ ဗီဒီယိုလင့်ကတစ်ဆင့် အစိုးရအစည်းအဝေးတစ်ရပ်မှာ ပူတင်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 

ကပ်ဘေးစတင်ချိန်ကစလို့ ရုရှအာဏာပိုင်တွေဟာ အသက် ၆၈ နှစ်ရှိ သမ္မတ ပူတင်အတွက် အထူးလုပ်ငန်းစဉ်တွေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကနေ ကာကွယ်နိုင်အောင် လုပ်ဆောင်လျက် ရှိနေတာပါ။ 

ပြည်ပခေါင်းဆောင်တွေ၊ ဂျာနယ်လစ်တွေနဲ့ တာဝန်ရှိသူတွေဟာ ပူတင်နဲ့ ဆုံတွေ့ဖို့အတွက် ကြိုတင်ပြီး သီးခြားခွဲနေထိုင်ဖို့ လိုက်နာလုပ်ဆောင်ရသလို မော်စကိုအပြင်ဖက်က ပူတင်အိမ်တော်ရာမှာလည်း ပိုးသတ်ဥမင်တစ်ခု တပ်ဆင်ထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly