ဖမ်းဆီးခံ မြန်မာနိုင်ငံသားအချို့တွင် COVID-19 ကူးစက်ခံထားရသည်ကို တွေ့ရှိခဲ့၍ ထိုင်းလုံခြုံရေးအဖွဲ့ဝင်များ ကွာရန်တင်းဝင်

ဖမ်းဆီးခံ မြန်မာနိုင်ငံသားအချို့တွင် COVID-19 ကူးစက်ခံထားရသည်ကို တွေ့ရှိခဲ့၍ ထိုင်းလုံခြုံရေးအဖွဲ့ဝင်များ ကွာရန်တင်းဝင်

စက်တင်ဘာ ၁၅

ထိုင်းနိုင်ငံ ဆာဒါအို ခရိုင်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၄ ဦး အနက် ကိုးဦးတွင် COVID-19 ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိပြီးနောက် ထိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အခြားအရာရှိများ အပါအဝင် လူ ၄၀ ဦးခန့် ကွာရန်တင်းဝင်ခဲ့ကြသည်ဟု သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်က မလေးရှား၏ ကီဒါပြည်နယ်နှင့်  မျက်နှာချင်းဆိုင် တမ်ဘွန် ဆမ်နက်ခ်ခန် အရပ် ဘန်ရိုင်တော့ခ်ရွာအနီး နယ်စပ်ဧရိယာတစ်ခုတွင် ထိုင်း လူဝင်မှုရဲများနှင့် သက်ဆိုင်ရာ စီမံအုပ်ချုပ်ရေးအရာရှိများက ကလေးတစ်ဦး အပါအဝင် မြန်မာရွှေ့ပြောင်း ၁၄ ဦးကို တွေ့ရှိဖမ်းဆီးခဲ့သည်။ ၎င်းတို့သည် နယ်စပ်ဖြတ်ကာ မလေးရှားသို့ သွားရန် စောင့်ဆိုင်းနေခဲ့ကြစဉ် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ ဖမ်းဆီးခံ မြန်မာနိုင်ငံသားများကို COVID-19 စစ်ဆေးခဲ့ရာတွင် ကိုးဦးတွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသည်ကို တွေ့ရှိခဲ့သဖြင့် ဆေးကုသမှုခံယူရန် ဆေးရုံတစ်ရုံသို့ ပို့ဆောင်ပေးထားသည်။ အခြားငါးဦးကို ဒုတိယအကြိမ် စစ်ဆေးမှု ပြုလုပ်ထားပြီး ရလဒ်များ မသိရသေးပေ။

ယင်းကဲ့သို့ ဖမ်းဆီးခံ မြန်မာရွှေ့ပြောင်းတစ်ချို့တွင် ဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ၎င်းတို့အား ဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် ထိုင်းစစ်သားများ၊ ရဲများနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအရာရှိများ ပါဝင်သည့် လူ ၄၀ ဦးခန့်သည် ယခုအခါ ဗိုင်းရပ်စ် စစ်ဆေးမှုများ ခံယူရန်အတွက် ကွာရန်တင်း ဝင်ရောက်ထားခဲ့ကြကြောင်း သိရသည်။

အလားတူ ထိုင်းနိုင်ငံ အနောက်ပိုင်း ဆိုင်ယော့ခ်ခရိုင်ထဲသို့ စက်တင်ဘာ ၁၄ ရက် ညပိုင်းက နယ်စပ်ဖြတ်ကျော်ပြီး တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၁ ဦးကို ထိုင်းတာဝန်ရှိသူများက ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု သိရသည်။

အဆိုပါ မြန်မာရွှေ့ပြောင်းလုပ်သားများသည် နယ်စပ်ကို ဖြတ်ကျော်ပြီး သစ်တောတစ်ခုထဲတွင် ပုန်းအောင်းနေကြသည် ဆိုပြီး ဒေသခံများ၏ သတင်းပေးမှုအရ နယ်စပ် ကင်းလှည့်အဖွဲ့တစ်ခုက သွားရောက်ရှာဖွေပြီး ည ၉ နာရီခန့်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အသက် ၁၉ နှစ်မှ ၃၈ နှစ်အကြား အသက်အပိုင်းအခြား အသီးသီးရှိ အမျိုးသား ရှစ်ဦးနှင့် အမျိုးသမီး သုံးဦး ပါသော အဆိုပါ မြန်မာများက ၎င်းတို့သည် မြန်မာနိုင်ငံ မန္တလေးမှ လာသူများ ဖြစ်ကြောင်း ပြောခဲ့သည်ဟု သိရသည်။ ၎င်းတို့ကို မြန်မာလမ်းပြတစ်ဦးက ထိုင်းနယ်စပ်သို့ ဦးဆောင်ခေါ်လာခဲ့ပြီး ယင်းနောက် ထိုင်းအမျိုးသားတစ်ဦးက ဆက်လက် ခေါ်ဆောင်ခဲ့ကာ နွန်သာဘူရီ ပြည်နယ်သို့ ပို့ဆောင်ပေးရန်အတွက် ခေတ္တစောင့်ဆိုင်းရန် ၎င်းတို့အား ပြောခဲ့သည်ဟု သိရသည်။

၎င်းတို့သည် အလုပ်အကိုင်ရှာဖွေပေးသည့် ပွဲစားများကို တစ်ဦးလျင် ဘတ် ၁၈,၀၀၀ ကနေ ၂၀,၀၀၀ အထိ ပေးရန် သဘောတူခဲ့ကြပြီး တစ်ဝက်ကို ကြိုတင်ပေးရပြီး ကျန်ငွေကို ၎င်းတို့ သွားမည့်နေရာ ရောက်လျင် ပေးရန် သဘောတူခဲ့ကြသည်ဟု သိရသည်။

ယခုအခါ ဖမ်းဆီးခံရသည့် အဆိုပါ မြန်မာရွှေ့ပြောင်းလုပ်သားများကို အပူချိန်တိုင်း၊ ကျန်းမာရေးစစ်ဆေးပြီး ဥပဒေဆိုင်ရာ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် ဆိုင်ယော့ခ် ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required