ရွေးကောက်ပွဲရလဒ်များနှင့်အတူ မြန်မာနိုင်ငံသားများဘက်မှ ပြင်သစ်ရပ်တည်

ရွေးကောက်ပွဲရလဒ်များနှင့်အတူ မြန်မာနိုင်ငံသားများဘက်မှ ပြင်သစ်ရပ်တည်
ဓာတ်ပုံ - သူရ/မဇ္ဈိမ (ပုံစာ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကိုထောက်ခံနေကြ လှည်းကူးမှာဒေသခံများ ပြသနေစဉ်။ အောက်တိုဘာလ ၂၀ ရက်နေ့ ၂၀၂၀ ခုနှစ် ။)

စက်တင်ဘာ ၁၅

၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်အပေါ် မြန်မာနိုင်ငံသားများ နှင့်အတူ ပြတ်ပြတ်သားသား ရပ်တည်ကြောင်းကို မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ယနေ့ စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် လူမူကွန်ရက်ကတဆင့် သဘောထားထုတ်ပြန်လိုက်သည်။

"မြန်မာနိုင်ငံ၌ ဒီမိုကရေစီလုပ်ငန်းစဉ်များပြန်လည်ထူထောင်ရေးကို ပြင်သစ်နိုင်ငံသည်တောင်းဆိုပြီး၊ ၂၀၂၀ ခုနှစ် နိုဝင်ဘာ (၈)ရက် အထွေထွေရွေးကောက်ပွဲ၌ ထုတ်ဖော်ပြသခဲ့သော မြန်မာနိုင်ငံသားများ၏ ဆန္ဒမဲများနှင့် ပြတ်ပြတ်သားသားရပ်တည်သည် " ဟု မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ဆိုသည်။

ထို့ပြင် ယနေ့ စက်တင်ဘာ ၁၅ ရက်သည် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ဖြစ်သည့်အပြင် လူအခွင့်အရေး ၊ လွတ်လပ်မှုမြှင်တင့်ရေးနှင့် ဒီမိုကရေစီတန်ဖိုးများကို ပြင်သစ်နိုင်ငံက ထောက်ခံကြောင်း ထပ်လောင်းပြောဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားပြုအနေ ဖြင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအထွေထွေညီလာခံ ဖွင့်ပွဲ နှင့် ပိတ်ပွဲ အစည်းအ‌ဝေးများကို တတ်ရောက်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ပြင်သစ်နိုင်ငံက ယခုလို သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly