အာဖဂန်ဒုက္ခသည် ၁၄၅ဦးကို ကုန်းလမ်းကနေ ပါကစ္စတန်သို့ ရောက်ရှိစေရန် ကနေဒါ ကူညီကယ်ထုတ်ပေး

By CP24
14 September 2021
အာဖဂန်ဒုက္ခသည် ၁၄၅ဦးကို ကုန်းလမ်းကနေ ပါကစ္စတန်သို့ ရောက်ရှိစေရန် ကနေဒါ ကူညီကယ်ထုတ်ပေး

အာဖဂန်နစ္စတန်နိုင်ငံကနေ ထွက်ပြေးပြီး ကနေဒါနိုင်ငံသို့ ဦးတည်သည့် ဒုက္ခသည် ၁၄၅ ဦးကို ယခုအခါ ကုန်းလမ်းကြောင်းကနေတဆင့် ပါကစ္စတန်နိုင်ငံသို့ ရောက်ရှိစေရန် ကနေဒါက ကူညီပေးထားခဲ့သည်။

အဆိုပါ အာဖဂန်ဒုက္ခသည် ၁၄၅ ဦးစလုံးတွင် ကနေဒါဗီဇာများ ရှိနေပြီး လက်ရှိအချိန်တွင် ပါကစ္စတန်၌ စိစစ်စစ်ဆေးမှု ခံယူနေပြီး လာမည့် “ရက်များ သို့မဟုတ် သီတင်းပတ်များ” အတွင်း ကနေဒါနိုင်ငံသို့ ဦးတည်ထွက်ခွာလာကြမည် ဖြစ်ကြောင်း ကနေဒါလူဝင်မှုကြီးကြပ်ရေးဝန်ကြီး မာကို မန်ဒီစီနိုက ပြောသည်။

အဆိုပါ ဒုက္ခသည်အများစုသည် ၂၀၀၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အကြား အာဖဂန်နစ္စတန်ရှိ ကနေဒါ၏ စစ်ရေးမစ်ရှင်အတွင်း ကနေဒါကို ကူညီပေးထားခဲ့ကြသည့် အာဖဂန်များ ဖြစ်ကြပြီး ၎င်းတို့သည် ယခုအခါ အာဖဂန်နစ္စတန်ကို တာလီဘန်တို့ ထိန်းချုပ်သွားခဲ့ချိန်တွင် လက်တုံ့ပြန်ရန်ပြုခံရမည်ကို စိုးရိမ်နေကြကြောင်း ကနေဒါလူဝင်မှုကြီးကြပ်ရေးဝန်ကြီးရုံးမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် အလက်ဇန္ဒား ကိုဟမ်က ပြောသည်။

အဆိုပါ အာဖဂန်ဒုက္ခသည် ၁၄၅ ဦးထဲတွင် မာလာလာ ဖောင်ဒေးရှင်းနှင့် ဆက်နွယ်ပတ်သက်သူများ၊ Marefat မိန်းကလေး စာသင်ကျောင်းမှ ကျောင်းသူများ နှင့် မစ်ရှင်နှင့်ပတ်သက်ပြီး သတင်းရယူရေးသားခဲ့သည့် ကနေဒါ ဂျာနယ်လစ်များကို ကူညီပေးထားသူများ ပါဝင်ကြောင်း ၎င်းက ပြောသည်။

ယခုကဲ့သို့ ကုန်းလမ်းကနေ ရွှေ့ပြောင်းကယ်ထုတ်ပေးထားကြသူများအပြင် ကနေဒါအာဏာပိုင်တို့သည် အာဖဂန်ကနေ အမေရိကန်တပ်ဖွဲ့များ သြဂုတ်လကုန်က အပြီးသတ်ရုပ်သိမ်းမှု မတိုင်မီ အာဖဂန်နိုင်ငံထဲကနေ ကနေဒါနိုင်ငံသားများ၊ အာဖဂန်ဒုက္ခသည်များနှင့် အခြားနိုင်ငံခြားသားများ အပါအဝင် လူပေါင်း ၃,၇၀၀ ကို လေကြောင်းဖြင့် ကယ်ထုတ်ပေးထားခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်က ကာတာအစိုးရ စီစဥ်သော လေယာဥ်ခရီးစဥ်တစ်ခုဖြင့် ကနေဒါနိုင်ငံသား ၄၃ ဦးကို ရွှေ့ပြောင်းခေါ်ဆောင်ပေးခဲ့ပြီး ယင်းသည် ပြီးခဲ့သည့်လနောက်ပိုင်း အာဖဂန်နစ္စတန်ကနေ ထွက်ခွာသည့် ပထမဆုံး ခရီးသည်တင်လေယာဥ် ခရီးစဥ်လည်း ဖြစ်ခဲ့သည်။ ကာတာကို ဦးတည်သည့် နောက်ထပ် လေကြောင်းခရီးစဥ်တစ်ခုဖြင့် စက်တင်ဘာ ၁၀ ရက်တွင်လည်း နောက်ထပ် လူဆယ်ဦးကို ခေါ်ဆောင်ရွှေ့ပြောင်းပေးထားခဲ့သည်။

ကနေဒါအစိုးရအနေဖြင့် အာဖဂန်ဒုက္ခသည်များကို ဘေးကင်းရာနေရာသို့ ထွက်ပြေးနိုင်စေမည့် လမ်းကြောင်းသစ်များ ရှာဖွေရန် ပြီးခဲ့သည့်လ ရွှေ့ပြောင်းကယ်ဆယ်ရေး လေယာဥ်ခရီးစဥ်ပျံသန်းမှုများ မပိတ်မီအချိန်တွင်တောင်မှ ယင်း၏ မဟာမိတ်များနှင့် အိမ်နီးချင်းနိုင်ငံများနှင့်အကြား စတင်ပူးပေါင်းလုပ်ဆောင်ထားခဲ့ကြောင်း ကိုဟမ်က ပြောသည်။

“လက်ရှိအချိန်ထိတော့ ပါကစ္စတန်ဆီ ကုန်းလမ်းကနေ သွားတဲ့ခရီးက အာဖဂန်နစ္စတန်နိုင်ငံထဲကနေ လူတွေကို ခေါ်ထုတ်နိုင်မယ့် အထိရောက်ဆုံး နည်းလမ်း ဖြစ်နေပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

တာဝန်ရှိသူများအနေဖြင့် ဒုက္ခသည်များ လိုအပ်သည့် အထောက်အထား စာရွက်စာတမ်းများ ရှိစေရန်အတွက် သက်ဆိုင်ရာလူပုဂ္ဂိုလ်များနှင့် အတူ လုပ်ဆောင်နေသလို ဒုက္ခသည်များ၏ ကုန်းလမ်း ယာဥ်တန်းများကို ကူညီ စီစဥ်ပေးထားခဲ့သည့် လူသားချင်းစာနာမှု အဖွဲ့များအပါအဝင် မဟာမိတ်များနှင့်အကြား လက်တွဲလုပ်ဆောင်နေသည်ဟုလည်း ကိုဟမ်က ပြောခဲ့သည်။

အစ္စလမ်မာဘတ်ရှိ ကနေဒါ သံရုံးဝန်ထမ်းများ သည်လည်း ဒုက္ခသည်များကို စိစစ်မှုလုပ်ငန်းကို ကူညီရန် အားဖြည့်လုပ်ဆောင်နေသလို ၎င်းတို့ ဆိုက်ရောက်ချိန် နယ်စပ်တာဝန်ရှိသူများ အသင့်ရှိနေစေရေးအတွက်လည်း ပါကစ္စတန်အစိုးရနှင့် အတူ လက်တွဲလုပ်ဆောင်နေသည်ဟုလည်း ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly