အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွဲဆိုထားသည့် ပုဒ်မ ၅၀၅ (ခ) အတွက် လာမည့်ရုံးချိန်းတွင် စွဲချက်အမိန့်ချရန် တရားရုံးချိန်းဆို

အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွဲဆိုထားသည့် ပုဒ်မ ၅၀၅ (ခ) အတွက် လာမည့်ရုံးချိန်းတွင် စွဲချက်အမိန့်ချရန် တရားရုံးချိန်းဆို

စက်တင်ဘာ ၁၄

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပါ သုံးဦးကို စွဲဆိုထားသည့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) အမှုအတွက် လာမည့်ရုံးချိန်းတွင် စွဲချက်အမိန့်ချမှတ်ရန် ဇဗ္ဗူသီရိမြို့နယ် သီးသန့်အထူးတရားရုံးက ချိန်းဆိုလိုက်ကြောင်း ၎င်း၏ရှေ့နေက ပြောသည်။

အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် သမ္မတဦးဝင်းမြင့်နှင့် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်ပါ သုံးဦးကို စွဲဆိုထားသည့် ဆူပူရန် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နှင့် ပတ်သက်ပြီး ယနေ့ စက်တင်ဘာ ၁၄ ရက်ရုံးချိန်းတွင် နှစ်ဘက် လျှောက်လဲချက်များကို ကြားနာစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ရုံးချိန်းအတွင်း ကြားနာချိန် မိနစ် ၃၀ခန့် ရှိခဲ့သည်ဟု ရှေ့နေထံက သိရသည်။

“နှစ်ဘက်လျှောက်လဲချက်ကိုကြားနာပြီးတော့ ၉လပိုင်း ၂၁ရက် နောက်တစ်ပတ် တနင်္လာနေ့မှာ စွဲချက်အမိန့်ချမယ်လို့ ရုံးကချိန်းဆိုလိုက်ပါတယ်” ဟု အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရှေ့နေဖြစ်သူ ဒေါ်မင်းမင်းစိုးကပြောသည်။

ယနေ့ရုံးချိန်းတွင် စစ်ဆေးရန် ရှိနေသည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နှင့်ပတ်သက်၍ တရားလိုပြသက်သေ နှစ်ဦး၏ဆင့်စာ အတည်မဖြစ်သေး၍ မစစ်ဖြစ်ခဲ့ကြောင်း ၎င်းကဆိုသည်။

အပတ်စဉ် တနင်္လာနေ့နှင့် အင်္ဂါနေ့တို့တွင် အတိုင်ပင်ခံပုဂ္ဂိုလ်၏ အမှုများကို စစ်ဆေးနေကြဖြစ်သော်လည်း ယမန်နေ့ စက်တင်ဘာ ၁၃ ရက်က အတိုင်ပင်ခံပုဂ္ဂိုလ်မှ ကျန်းမာရေးမကောင်း၍မစစ်ဆေးဖြစ်ခဲ့‌ ကြောင်း၎င်းကရှင်းပြသည်။

“မနေ့က ကားမူးတာသက်သက်ပါရှင့်။ ကျန်တဲ့ ကျန်းမာရေးအခြေအနေက ဘာမှမဖြစ်ပါဘူး။ ပြီးတော့ ပြန်ရောက်သွားတဲ့ အခါမှာလည်း COVID-19 ကို အကုန်လုံးစစ်ရတယ်လို့ ပြောပါတယ်။ အကုန်လုံး ပိုးမတွေ့ပါဘူး။ ဒီနေ့လည်းလန်းလန်းဆန်းဆန်းပါပဲ။ ဆေးလည်းသောက်လာတယ်ပြောပါတယ်”ဟု ဒေါ်မင်းမင်းစိုးကပြောသည်။

အမှု မစစ်ဆေးခင် အမှုသည်များနှင့် အမှုအကြောင်းဆွေးနွေးရန် ခဏတာ တွေ့ဆုံခွင့်ရခဲ့ပြီးနောက် ရုံးပိတ်ရက်များကြောင့် နှစ်လကျော်ကြာအောင် စစ်ဆေးနိုင်ခြင်းမရှိခဲ့သည့် အမှုများကို ယနေ့ စက်တင်ဘာ ၁၄ရက်တွင် ဇဗ္ဗူသီရိမြို့နယ် သီးသန့်အထူးတရားရုံးတွင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required