သိန်း ၄၀,၀၀၀ ဓါးပြမှု စီစဉ်သူဟု စွပ်စွဲခံရသူက "လုံးဝမဟုတ်" ဟု ငြင်းဆို

သိန်း ၄၀,၀၀၀ ဓါးပြမှု စီစဉ်သူဟု စွပ်စွဲခံရသူက "လုံးဝမဟုတ်" ဟု ငြင်းဆို

စက်တင်ဘာ ၁၄

ဧရာဝတီဘဏ်ကားပေါ်မှ ငွေကျပ် သိန်း ၄၀,၀၀၀ လုယက်မှုကိုစီစဉ်ဆောင်ရွက် သူမှာ ပဲခူးပြည်သူ့ကာကွယ်ရေးတပ် မြို့နယ်တာဝန်ခံကိုမျိုးကို ဖြစ်သည်ဆို သော စစ်ကောင်စီ၏စွပ်စွဲချက်ကို ကာယကံရှင်က "လုံးဝမဟုတ်ပါဘူး"ဆိုကာ ငြင်းဆိုလိုက်သည်။

" မနေ့ညက တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်တို့ အဖွဲ့ထဲက နှစ်ယောက်ဖမ်းခံရ တယ်၊ ဒီလူနဲ့ ဒီအနေအထားက ဘယ်လိုမှ လုပ်လို့မရနိုင်ဘူး၊ကျွန်‌တော်ကိုပါ စွဲထည့်ပြီးတော့ စစ်ကောင်စီက ဖြစ်စဉ်နှစ်ခုကို ပေါင်းပြီး လုပ်ကြံတာဖြစ် တယ်။ ပဲခူး PDF ကလုပ်တာ လုံးဝမဟုတ်ပါဘူး၊ စစ်ကောင်စီဘက်က တမင် ပုံဖျက်တာပါ" ဟု ကိုမျိုးကိုက မဇ္ဈိမကို ပြောသည်။

အဖမ်းခံရသော ပဲခူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှာ ဘဏ်ငွေလုယက် မှုနှင့်မဆိုင်ဘဲ ဧည့်စာရင်းစစ်ချိန်တွင် ပါသွားခဲ့ခြင်းသာဖြစ်သည်ဟု သူက ဆက်ပြောသည်။

ယမန်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်က ပဲခူးမြို့နယ် ဘူလယ်အင်းကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၂၅/၅ တွင် ပဲခူးမြို့ ဧရာဝတီဘဏ်ခွဲ (၁) မှ ငွေကျပ်လေးဘီလီယံ (သိန်းပေါင်း ၄၀,၀၀၀) တင်ဆောင်လာသော ဧရာဝတီဘဏ်ပိုင် Toyota Hiace ယာဉ်နှစ်စီးကို လူခုနှစ်ဦးက တား၍ ဘဏ်ဝန်ထမ်းငါးဦးကို ပါးစပ်၊ မျက်စိ၊ လက်တို့အား တိတ်ဖြင့်ချည်နှောင်ပြီး ငွေများနှင့် တယ်လီဖုန်းများအားယူဆောင်ကာ Hijet ယာဉ်ပေါ်သို့ တင်ဆောင်မောင်းပြေးသွားသည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက် တွင်ပါရှိသည်။

ဘဏ်ဝန်ထမ်းက တစ်ဆယ့်ငါးမိနစ်အတွင်း ရဲကိုသတင်းပေးပို့နိုင်သည်ဆိုပြီး ကိုးနာရီအတွင်း ဖော်ထုတ်နိုင်ခဲ့သည်ဆိုသော ထုတ်ပြန်ချက်တွင် လုယက်မှု တွင်ပါဝင်ပတ်သက်သည်ဆိုသော အမျိုးသမီးလေးဦးနှင့် အမျိုးသား သုံးဦးကို လက်နက်များ၊ ကျည်များဖြင့်ပါ ဖမ်းဆီးနိုင်ကြောင်းလည်း ပါရှိသည်။

ဖမ်းခံရသူများတွင် ငွေစက္ကူထည့်ထားသော ဆာလာအိတ် ၁၄ ထုပ်၊ ဆာလာအိတ်အပိုင်းနှစ်ပိုင်း၊ ပလတ်စတစ်အထုပ်သေး ကိုးထုတ်တို့ကို လက်ခံထားမှုသည်ဆိုကာ ဥဿာမြို့သစ် ရပ်ကွက်ကြီး (၈) ရှိ ဓမ္မဒူတ သီလရှင်ကျောင်းတိုက်မှ ဒေါ်ဥပ္ပသမာနှင့် ဒေါ်ဓမ္မာစာရီတို့လည်း ပါဝင်သည်။

ဖမ်းခံရသူ ခုနှစ်ဦးနှင့်အတူ M-79‌ ဗုံးပစ်လောင်ချာ တစ်လက်၊ AK - 47 သေနတ် နှစ်လက်၊ ကျဉ်အိမ် လေးခုနှင့် ကျည် ၂၂၀တောင့်၊ MK-12 သေနတ် ခြောက်လက် ၊ ကျည်အိမ်မျိုးစုံ ၁၂ ခု ၊ အခြားဆက်စပ်ပစ္စည်းများနှင့် လုယက်မှု တွင် ယူဆောင်သွားသည့် ငွေများကို စစ်ကောင်စီတပ်များက ပြန်လည် ဖော်ထုတ် သိမ်းဆည်းနိုင်ခဲ့သည်ဟု ဆိုထားသည်။

အမှုတွင်ပါဝင်သော နှစ်ဦးမှာ တိမ်းရှောင်နေ သည်ဟုဆိုသည်။

" ဓားပြတိုက်သည့်ဖြစ်စဉ်အား ပဲခူး PDF အကြမ်းဖက်အဖွဲ့ မြို့နယ်တာဝန်ခံ မျိုးကိုမှ စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊ ဖမ်းဆီးရမိတရားခံများမှာ PDF အကြမ်းဖက်အဖွဲ့ဝင်များဖြစ်" သည်ဟု ထုတ်ပြန်ချက်တွင် စွပ်စွဲထားသည်။

ကိုမျိုးကိုကတော့ "ပဲခူး PDF အဖွဲ့ဟာ ဒီမိုကရေစီအရေး ၊ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်‌ရေးကို ဦးတည် တိုက်ပွဲဝင်နေသူတွေဖြစ်ပီး လူ့အခွင့်အရေးကို လေးစားလိုက်နာသူတွေ ဖြစ်တယ်။ အများပြည်သူလူထုရဲ့ပိုင်ဆိုင်မှုနဲ့ပစ္စည်းဥစ္စာတွေကိုဘယ်တော့မှ မပြစ်မှားမယ့်သူတွေဖြစ်တယ်" ဟု ပြောသည်။

  • စစ်ကောင်စီထုတ်ပြန်ချက်တွင် ဖမ်းဆီးထားသူများကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ဟုမပါရှိသော်လည်း အင်းတကော်အခြေစိုက် တပ်မ (၇၇) အတွင်းဖမ်းဆီးထားကြောင်း မဇ္ဈိမက စုံစမ်းသိရှိရပြီး စစ်ဆေးမှုများ မလုပ် ရသေးကြောင်းလည်း သတင်းရင်းမြစ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required