ပြီးခဲ့သည့် ၄ ရက်အတွင်း မြန်မာနိုင်ငံသား ၂,၀၀၀ နီးပါးအထိ အိန္ဒိယ မီဇိုရမ်ပြည်နယ်ထဲ ဝင်ရောက်ခဲ့

ပြီးခဲ့သည့် ၄ ရက်အတွင်း မြန်မာနိုင်ငံသား ၂,၀၀၀ နီးပါးအထိ အိန္ဒိယ မီဇိုရမ်ပြည်နယ်ထဲ ဝင်ရောက်ခဲ့

စက်တင်ဘာ ၁၄

အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် ကျေးရွာများတွင် မြန်မာအာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ပြီးခဲ့သည့် လေးရက်အတွင်း ချင်းပြည်နယ်မှ ကလေးငယ်အများအပြား အပါအဝင် မြန်မာနိုင်ငံသား ၂,၀၀၀ နီးပါးသည် နယ်စပ်ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံ၏ မီဇိုရမ်ပြည်နယ်ထဲ ဝင်ရောက်ထားခဲ့သည်ဟု သိရသည်။

စစ်အာဏာသိမ်းမှု ဖြစ်ထားသည့် မြန်မာနိုင်ငံဘက်ကနေ မီဇိုရမ်ပြည်နယ်ထဲ ဒုက္ခသည်များ အလုံးအရင်းဖြင့် ထပ်မံဝင်ရောက်နေမှုက စိုးရိမ်ပူပန်မှုများကို ထွက်ပေါ်ထားစေခဲ့သည်။

သတင်းများအရ ချင်းပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့ (CDF) နှင့် အာဏာသိမ်းစစ်တပ်အကြား တိုက်ပွဲများ ဖြစ်ခဲ့ပြီးနောက် မီဇိုရမ်၏ Hnahthial ဒေသတစ်ခုတည်းမှာပင် မြန်မာနိုင်ငံ ချင်းပြည်နယ်မှ ထွက်ပြေးလာသည့် လူပေါင်း ၁,၅၀၀ ခန့် ရောက်ရှိ ခိုလှုံနေခဲ့ကြသည်ဟု သိရသည်။ စက်တင်ဘာ ၁၀ ရက်က မီဇိုရမ်-မြန်မာ နယ်စပ်တလျောက် ချင်းပြည်နယ်၏ ထန်တလန်မြို့ လန်ဂလာကျေးရွာတွင် တိုက်ပွဲများ ဖြစ်ခဲ့ခြင်း ဖြစ်သည်။

ကလေး အများအပြား အပါအဝင် လူပေါင်း ၁,၅၀၀ ခန့်သည် ယခုအခါ ဒေသ၏ မတူညီသည့် နေရာများတွင် ခိုလှုံနေကြကြောင်း Hnahthial ဒေသ၏ တွဲဖက် ဒုတိယ ‌ကော်မရှင်နာ ဆိုင်ဇစ်ပူအီက ပြောသည်။

“ဒေသ စီမံခန့်ခွဲသူတွေက ဒုက္ခသည်တွေအတွက် ယာယီနေစရာအိမ်တွေ စီစဉ်ပေးထားပါတယ်၊ မြန်မာနိုင်ငံကနေ ထွက်ပြေးလာကြသူတွေအတွက် ရေပုံးတွေ၊ အစားအစာတွေလည်း ထောက်ပံ့ပေးထားပါတယ်၊ ဒါ့အပြင် NGOs တွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကလည်း မြန်မာဒုက္ခသည်တွေကို စားစရာ၊ အဝတ်အထည်၊ ဆေးဝါးတွေနဲ့ အခြား လိုအပ်တဲ့ အခြေခံအသုံးအဆောင်ပစ္စည်းတွေ ထောက်ပံ့ပေးထားပါတယ်၊ မနေ့ကဆိုရင် ချင်းပြည်နယ်ကနေ အသက် ၉၀ အရွယ် သက်ကြီးအမျိုးသားတစ်ဦး မြစ်ကို ဖြတ်ပြီး မီဇိုရမ်ထဲ ရောက်ရှိထားခဲ့ပါတယ်” ဟု အဆိုပါ အစိုးရအရာရှိက ပြောသည်။

မြန်မာဘက်ကနေ မီဇိုရမ်ထဲ စုပြုံလာရောက်မှုများက ဆက်ရှိနေသည်ဟုလည်း ၎င်းက ပြောသည်။

Hnahthial ဒေသအပြင် မီဇိုရမ်ပြည်နယ်၏ အခြားဒေသအနည်းငယ်တွင်လည်း မြန်မာနိုင်ငံသားများ ‌ရောက်ရှိခိုလှုံနေကြသည်ဟု သိရသည်။ မြန်မာနိုင်ငံမှ ထွက်ပြေးလာကြသူများသည် Hnahthial ၊ Champhai ၊ Lawngtlai စသည့် မီဇိုရမ်ပြည်နယ်၏ ဒေသသုံးခုရှိ ရွာ ၁၆ ရွာတွင် ခိုလှုံနေကြသည်ဟု သိရသည်။

မီဇိုလူငယ်များအသင်း (YMA) နှင့် အခြား CSOs များက လူသားချင်းစာနာထောက်ထားမှုဖြင့် မြန်မာဒုက္ခသည်များကို အကူအညီများ ပေးထားခဲ့သည်။

မီဇိုရမ် ပြည်ထဲရေးဝန်ကြီး လယ်ချမ်လီယာနာ၏ ပြောကြားချက်အရ မြန်မာနိုင်ငံမှ လူပေါင်း ၁,၈၅၀ ခန့် ပြီးခဲ့သည့် ရက်များအတွင်း နယ်စပ်ဖြတ်ကာ မီဇိုရမ်ပြည်နယ်ထဲ ရောက်ရှိထားသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly