QUAD အဖွဲ့သည် အာရှတိုက်၏ နေတိုးအဖွဲ့အစည်းဖြစ်နေကြောင်း ဝေဖန်ချက်များကို အိန္ဒိယနှင့် သြစတြေးလျ ငြင်းဆန်

By Zee News
14 September 2021
QUAD အဖွဲ့သည် အာရှတိုက်၏ နေတိုးအဖွဲ့အစည်းဖြစ်နေကြောင်း ဝေဖန်ချက်များကို အိန္ဒိယနှင့် သြစတြေးလျ ငြင်းဆန်

QUAD အဖွဲ့သည် အာရှတိုက်တွင် နေတိုးတပ်ဖွဲ့ကဲ့သို့ ဖြစ်ကြောင်းဝေဖန်ချက်များကို အိန္ဒိယနှင့် သြစတြေးလျတို့က စက်တင်ဘာ ၁၁ ရက်က ငြင်းဆန်ရာတွင် အိန္ဒိယပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်းရှန်ကာက အမှန်တရားအား အဓိပ္ပာယ်မလွဲစေရေးသည် အရေးကြီးကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

အိန္ဒိယပြည်ပရေးဝန်ကြီး အက်စ်ဂျိုင်းရှန်ကာနှင့် ကာကွယ်ရေးဝန်ကြီး ရာ့ဂျ်နက်ဆင်းချ်တို့က သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မာရိုက်ပေနီနှင့် ကာကွယ်ရေးဝန်ကြီး ပီတာ ဒူတန်တို့နှင့် နှစ်ဦးနှစ်ဘက် တွေ့ဆုံ ဆွေးနွေးပြီးနောက် ပြုလုပ်သော ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

QUAD အဖွဲ့ကို 'အာရှနေတိုး' ဟု ရည်ညွှန်းသည့်အပေါ် မေးမြန်းရာတွင် အက်စ်ဂျိုင်းရှန်ကာက " ကျွန်တော်တို့ကိုယ် ကျွန်တော်တို့က QUAD လို့ခေါ်ပါတယ်။ နိုင်ငံပေါင်း ၄ နိုင်ငံပူးပေါင်းထားတဲ့ အဖွဲ့ဖြစ်ပြီး သူတို့အကျိုးနဲ့ ကမ္ဘာကြီးအကျိုးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ဆောင်ရွက်ချက်တစ်ခုပါ" ဟု ပြောကြားခဲ့သည်။

" နေတိုး အဖွဲ့အစည်းဆိုတဲ့ အသုံးအနှုန်းက အရမ်း စစ်အေးဆန်တယ်လို့ ကျွန်တော်ထင်ပါတယ် နောက်ပြန်လှည့်နေသလိုမျိုးပါ။ QUAD က အနာဂတ်ကို ကြည့်သလို ကမ္ဘာလုံးဆိုင်ရာဖြစ်စဉ်ကို ထင်ဟပ်ပါတယ်။ နိုင်ငံတွေ မဖြစ်မနေ အတူတကွပူးပေါင်းဆောင်ရွက်တာမျိုးပါ" ဟု သူက ပြောပါသည်။

QUAD သည် လက်ရှိတွင် ကာကွယ်ဆေးများ၊ ထောက်ပံ့ရေးကွင်းဆက်များ၊ ပညာရေးနှင့် ဆက်သွယ်မှုစသည့် ကိစ္စရပ်များကိုအာရုံစိုက်နေကြောင်း အက်စ်ဂျိုင်းရှန်ကာက ထောက်ပြပြောဆိုခဲ့သည်။

"ဒီလိုကိစ္စတွေနဲ့ နေတိုး ဒါမှမဟုတ် အဲဒီလို အခြားအဖွဲ့အစည်းတွေကြားက ဆက်ဆံရေးမျိုးလို့ ကျွန်တော် မမြင်ပါဘူး။ ရှိနေတဲ့ အမှန်တရားတွေကို အဓိပ္ပာယ်အကောက်မမှားဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်" ဟု သူက အခိုင်အမာ ဆိုသည်။

အလားတူပင် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး မာရိုက်ပေနီကလည်း သြစတြေးလျနှင့် အိန္ဒိယ တို့က ဆက်ဆံရေးပြန်လည်ခိုင်မာအားကောင်းအောင်ပြုလုပ်နေကြောင်း ပြောကြားခဲ့သလို QUAD နှင့် အရှေ့အာရှထိပ်သီးအစည်းအဝေး သို့မဟုတ် အာဆီယံဒေသတွင်းဖိုရမ်ကဲ့သို့သော သေးငယ်သည့်အုပ်စုများမှ တဆင့်လုပ်ဆောင်ရန် အခွင့်အလမ်းလည်းရှိကြောင်း ပြောကြားခဲ့သည်။

ပုံမှန်သံတမန်ရေးကွန်ရက်မှ အပြုသဘောဆက်ဆံမှုဖြင် ပွင့်လင်း၍ အားလုံးပါဝင်ပြီးအားလုံးနေချင်သော အင်အားတောင့်တင်းမှုရှိသောဒေ အတွက် အပြုသဘော ပူးပေါင်းခြင်းမျိုး လွှမ်းခြုံရမည်ဟုလည်း QUAD နှင့် ပတ်သက်၍ သူမက ဆိုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly