ဦးကျော်မိုးထွန်းကို ကုလ သံအမတ်အဖြစ် ဆက်ခန့်ရန် အမေရိကန်နှင့် တရုတ် သဘောတူ

ဦးကျော်မိုးထွန်းကို ကုလ သံအမတ်အဖြစ် ဆက်ခန့်ရန် အမေရိကန်နှင့် တရုတ် သဘောတူ

စက်တင်ဘာ ၁၄

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် နိုဝင်ဘာလအထိ ဆက်လက်ခန့်ထားရန် အမေရိကန် နှင့် တရုတ်တို့အကြား သဘောတူထားကြောင်း အမေရိကန် အခြေစိုက် Foreign Policy မဂ္ဂဇင်း၏ အင်တာနက်စာမျက်နှာတွင် ရေးသားထားသည်။

သို့သော် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ကိုယ်စားပြုမည့် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းသည် စက်တင်ဘာ ၁၄ရက်တွင် ကျင်းပမည့် (၇၆) ကြိမ်မြောက် ကုလအထွေထွေ ညီလာခံတွင် ဝင်ရောက်ဆွေးနွေးခွင့်တော့ ရရှိမည်မဟုတ်ကြောင်းလည်း ပါရှိသည်။

တစ်ခြားဘက်တွင်လည်း မြန်မာ အာဏာသိမ်းစစ်ကောင်စီ၏ ကိုယ်စားလှယ် စစ်ဘက်အရာရှိဟောင်း ဦးအောင်သူရိန်ကိုလည်း ဆွေးနွေးခွင့်မပေးရန် အမေရိကန်နှင့် တရုတ်အကြား သဘောတူထားကြောင်း သံတမန်များ၏ ပြောဆိုချက်ကို ကိုးကားပြီး မဂ္ဂဇင်းက ရေးသားထားသည်။

ကုလသမဂ္ဂတွင်နေရာမရရှိခြင်းက ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိရေး အသည်းအသန်ကြိုးပမ်းနေသော စစ်ကောင်စီအတွက်တော့ ကြီးမားသော ထိုးနှက်ချက်ဖြစ်စေသည်။

ကုလဆိုင်ရာ နိုင်ငံကိုယ်စားပြုခွင့် အရည်အချင်းစစ်ကော်မတီ၏ စိစစ်ထောက်ခံမှုရလဒ် ထွက်ပေါ်လာမည့် အချိန်ဖြစ်သည့် နိုဝင်ဘာလအထိ နှောင့်နှေးထားစေမည်ဖြစ်သည်။

ယခု သဘောတူညီချက်ကို ဥရောပသမဂ္ဂ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ရုရှားတို့ကလည်း အလွတ်သဘော သဘောတူထားခဲ့သည်ဟု သံတမန်သတင်းရင်းမြစ်များကပြောကြောင်း Foreign Policy တွင်ပါရှိသည်။

အဖွဲ့ဝင် ကိုးနိုင်ငံပါသည့် ကုလအရည်အချင်းစစ် ကော်မတီ ခန့်အပ်တာဝန်ပေးမှုကို ကုလ အထွေထွေညီလာခံက စက်တင်ဘာ ၁၄ ရက်တွင် ကြေညာရန် စီစဉ်ထားပြီး ထိုကော်မတီက မြန်မာနိုင်ငံအတွက် မည်သူက ကုလဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ကိုယ်စားပြုနိုင်မည်ဆိုသည်ကို စိစစ်သုံးသပ်ရွေးချယ်သွားရန် ရှိနေသည်။

ကော်မတီတွင် ဆွီဒင်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး ဘူတန်၊ ဘဟားမားစ်၊ ချီလီ၊ တရုတ်၊ ရုရှား၊ ဆီယာရာ လီယွန်၊ တောင်အာဖရိကနှင့် အမေရိကန်တို့မှ ကိုယ်စားလှယ်များ ပါဝင်မည်ဟု သိရသည်။

အကယ်၍ အရည်အချင်းစိစစ်မှုဆိုင်ရာ အငြင်းပွားမှုတစ်ခု ရှိပါက ကုလ အရည်အချင်းစစ်ကော်မတီက စိစစ်သုံးသပ်ပြီး အထွေထွေညီလာခံက အတည်ပြုသည့် ဆုံးဖြတ်ချက်တစ်ခု မထွက်မချင်း လက်ရှိကိုယ်စား လှယ်က ၎င်း၏ နေရာကို ဆက်ထိန်းထားနိုင်မည်ဖြစ်ကြောင်း ကုလအထွေထွေညီလာခံစည်းမျဉ်းများအရ သိရသည်။

မြန်မာစစ်ကောင်စီ၏ အဆိုပြုကြိုးပမ်းချက်များကို ‌လိုလားထောက်ခံသည့် နိုင်ငံတစ်ခုခုက အရည်အချင်းစစ်ကော်မတီ၏ နိုဝင်ဘာတွင် ပြုလုပ်မည့် ပထမဆုံး အစည်းအဝေးမတိုင်မီ ယင်းကိစ္စကို ဆွေးနွေးစေရန် ပန်ကြားနိုင်သည့်အပေါ် အမေရိကန်နှင့် ယင်း၏ ဥရောပမဟာမိတ်များက စိုးရိမ်နေကြသည်။

၎င်းတို့သည် လက်ရှိ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၏ ကုလကိုယ်စားလှယ်နေရာကို ဆက်ထိန်းထားနိုင်စေရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားပြုမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်တစ်ခုကို တတ်နိုင်သမျှ နှောင့်နှေးစေရန် မျှော်လင့်ထားကြသည်။

ဦးကျော်မိုးထွန်းသည် ဂျီနီဗာရှိ ကုလသမဂ္ဂရုံးတွင် မြန်မာနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ၂၀၂၀ ခုနှစ် စက်တင်ဘာ ၅ရက်တွင် ခန့်အပ်ခံခဲ့ရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၂၆ရက်က နယူးယောက်မြို့က ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အာဏာသိမ်းမှုကို ဆန့်ကျင်ကာ NUG ကို အစိုးရအတွက်သာ ကိုယ်စားပြုကြောင်း ပြောဆိုခဲ့သည့်အတွက် ဖေဖော်ဝါရီ ၂၇ရက်တွင် ဦးကျော်မိုးထွန်းကို စစ်ကောင်စီက ထုတ်ပယ်ခဲ့သည်။

သူသည် ဆွစ်ဇာလန်နိုင်ငံ သံအမတ်၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အမြဲတမ်းကိုယ်စားလှယ်၊ ဓာတုလက်နက် တားမြစ်ရေးအဖွဲ့ဝင်စသော တာဝန်များကိုလည်း ထမ်းဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required