ကန်ဒေါ်လာ ရာဂဏန်းနီးပါး ထုတ်ရောင်းခဲ့ပေမယ့် နလန်ထူမလာတဲ့ မြန်မာ့စီးပွားရေး

ကန်ဒေါ်လာ ရာဂဏန်းနီးပါး ထုတ်ရောင်းခဲ့ပေမယ့် နလန်ထူမလာတဲ့ မြန်မာ့စီးပွားရေး

စက်တင်ဘာ ၁၄

စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက်မှာ အာမခံချက်မရှိတဲ့ မြန်မာငွေကျပ်နဲ့ မြန်မာ့စီးပွားရေးလုပ်ငန်းတွေကြောင့် ဒေါ်လာဈေးနဲ့ ရွှေဈေးနှုန်းဟာ တစ်ရှိန်ထိုးမြင့်တက်လာခဲ့ပါတယ်။

စစ်အာဏာမသိမ်းခင် ဇန်နဝါရီလ နောက်ဆုံးအပတ်အထိ တစ်ဒေါ်လာကို မြန်မာငွေကျပ် ၁,၃၇၇ ကျပ်သာ ရှိခဲ့ပေမယ့်လည်း စက်တင်ဘာ ၁၂နေ့မှာတော့ အမေရိကန်ဒေါ်လာဈေးနှုန်းဟာ ၂,၀၂၀ကျပ်အထိ ရောက်ရှိခဲ့ပါတယ်။

စစ်အာဏာသိမ်းယူပြီး ခုနှစ်လအကြာမှာ ဒေါ်လာဈေးနှုန်းဟာ ၆၄၃ကျပ်အထိ မြင့်တက်လာခဲ့တာပါ။ စီးပွားရေးသုံးသပ်သူတွေကတော့ တစ်ဒေါ်လာကို ၂,၈၀၀ ကျပ်အထိ မြင့်တက်လာနိုင်သေးတယ်လို့ ခန့်မှန်းထားကြပါတယ်။

စစ်ကောင်စီဟာ ဒေါ်လာဈေးနှုန်းကို ထိန်းချုပ်နိုင်ဖို့ ဒေါ်လာဈေးရောင်းဝယ်ရာမှာ အများဆုံးထားရှိရမယ့် အတိုး၊ အလျော့ ကွာခြားချက်ကို ဧပြီလက စတင်ပြီး တဖြည်းဖြည်း လျော့ချပေးခဲ့ပါတယ်။

နောက်ဆုံးလျော့ချထားတယ့် အတိုး၊ အလျော့ ၀ ဒသမ ၈ ရာခိုင်နှုန်းကို စက်တင်ဘာ ၁၀ ရက်မှာတော့ ပယ်ဖျက်ခဲ့ပြီး လွတ်လပ်စွာ ဈေးနှုန်း သတ်မှတ်ရောင်းချနိုင်တဲ့ စနစ်ကို ထပ်ပြောင်းလိုက်ပေမယ့် ဒေါ်လာဈေးနှုန်းဟာ အမြင့်တစ်နေရာမှာ ရှိနေဆဲပါ။

ပြင်ပ (Black Market) မှောင်ခိုဈေးကွက် အတွင်းက ဝယ်လိုအားတွေကြောင့် ဒေါ်လာဈေးနှုန်းဟာ ဆက်လက်မြင့်တက်ခဲ့ပြီး ဘဏ်တွေနဲ့ နိုင်ငံခြားငွေတရားဝင် လဲလှယ်၊ ရောင်းဝယ် ခွင့်ရှိသူတွေဟာ ဘာတစ်ခုမှ အရောင်းအဝယ် မလုပ်နိုင်ဘဲ ထိုင်ကြည့်နေခဲ့ရပါတယ်။

ဗဟိုဘဏ်က ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊အကျ ကြီးမားခြင်းကို လျော့နည်းစေဖို့နဲ့ နိုင်ငံခြားသုံးသီးသန့် အရန်ငွေဖြည့်တင်းဖို့ စက်တင်ဘာ ၁၃ရက်မှာ အမေရိကန်ဒေါ်လာ ၁၅သန်းကို နိုင်ငံခြားငွေ ဈေးပြိုင်လေလံဖွင့်လှစ်ပြီး ပျှမ်းမျှငွေလဲလှယ်နှုန်း ၁,၇၅၀ကျပ်နဲ့ ထပ်မံရောင်းချပါတယ်။

အခုအကြိမ်ရောင်းချခြင်းဟာ စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက် တစ်ရက်ထဲ အများဆုံးအဖြစ် ရောင်းချခဲ့ခြင်းလည်းဖြစ်ပါတယ်။

ဗဟိုဘဏ်က ထုတ်ရောင်းပေးခဲ့တဲ့ ဒေါ်လာငွေပမာဏတွေက ဇူလိုင်လ ၅ ရက်နေ့မှာ ဒေါ်လာ၃သန်း၊ ၆ ရက်နေ့မှာ ဒေါ်လာ၃သန်း၊ ၇ ရက်နေ့မှာ ဒေါ်လာ၃သန်း၊ ၈ ရက်နေ့မှာဒေါ်လာ၆သန်း၊ ၁၄ ရက်နေ့မှာ ဒေါ်လာ၃သန်း၊ ၁၅ ရက်နေ့မှာဒေါ်လာ၃သန်း၊ ၁၆ ရက်နေ့မှာဒေါ်လာ၃သန်း၊ ၂၆ ရက်နေ့မှာ ဒေါ်လာ၃သန်း၊ ၂၇ ရက်နေ့မှာဒေါ်လာ၃သန်း၊ ၂၈ ရက်နေ့မှာ ဒေါ်လာ၃သန်း၊ ၂၉ ရက်နေ့မှာ ဒေါ်လာ၃သန်းနဲ့ ၃၀ ရက်နေ့မှာ် ဒေါ်လာ၃သန်းရောင်းချခဲ့ပါတယ်။

ဩဂုတ်လ ၂ရက်နေ့မှာ ဒေါ်လာ ၃သန်း၊ ၃ရက်နေ့မှာ ဒေါ်လာ ၂သန်း၊ ၄ရက်နေ့မှာ ဒေါ်လာ ၃သန်း၊ ၉ရက်နေ့မှာ ဒေါ်လာ ၂ဒသမ၅သန်း၊ ၁၂ရက်နေ့မှာ ဒေါ်လာ ၂ဒသမ၅သန်း၊ ၂၃ရက်နေ့မှာ ဒေါ်လာ ၁၀သန်းနဲ့ ၂၅ရက်နေ့မှာ ဒေါ်လာ ၅သန်းထိရောင်းချခဲ့ပြီးဖြစ်ပါတယ်။

စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက်မှာ ဗဟိုဘဏ်ကနေ ဈေးပြိုင်လေလံနဲ့ ဒေါ်လာရောင်းချခဲ့တာဟာ စုစုပေါင်း ၈၂သန်းအထိ ရှိခဲ့ပြီဖြစ်ပေမယ့် ပြင်ပဈေးကွက်အတွင်းမှာ ဒေါ်လာပြတ်လပ်မှုက ဆက်ဖြစ်နေပြီး ဘဏ်တွေမှာလည်း ဒေါ်လာ အရောင်းအဝယ်တွေ ရပ်ထားနေရဆဲပါ။

“ဒီနေ့ ဗဟိုဘဏ်က စံချိန်တင်ကို ထုတ်ရောင်းလိုက်တာ ၁၅သန်းဆိုတာကို တစ်ရက်နဲ့ ထွက်ရောင်းတော့ ပြင်ပမှာတော့ ဈေးနည်းနည်းကျသွားတယ် ။ ၂၀၅၀လောက်ကနေ ၂၀၀၀အောက်ကို ရောက်သွားတယ်။ သူတို့လေလံမှာ ဘယ်လိုပဲ သတ်မှတ် ၊သတ်မှတ် ဘဏ်တွေကတော့ ကိုက်တဲ့ဈေးနဲ့ပဲရောင်းမှာ ဝယ်မှာပဲ ။ အဓိကတော့ ဈေးကွက်ထဲကို ဒေါ်လာထပ်ထည့်ပေးလိုက်တာ၊ ရောင်းလိုအားများပြီး ဝယ်လိုအားနည်းသွားရင် ဈေးပြန်ကျမယ်ပေါ့ ။ အခုက အဲဒီလိုတွက်ပြီးလုပ်တာ ။ အရင်လို အခင်းအကျင်းနဲ့ မသက်ဆိုင်ဘူး။ ပြည်သူက ယုံကြည်မှုမရှိတဲ့ ပြဿနာရယ် နိုင်ငံတကာက ထွက်သွားတာရယ်။ မတည်ငြိမ်မှုတွေကြောင့် ဖြစ်နေတာမို့ ဈေးကတော့ ပြန်တက်လာဦးမှာပဲ”လို့ ဘဏ်လုပ်ငန်းပညာရှင် တစ်ဦးကပြောပါတယ်။

ဘဏ်တွေမှာ ငွေအပ်နှံပြီး အလွယ်တကူပြန်ထုတ်ယူလို့မရအောင် စစ်ကောင်စီက ဆောင်ရွက်ခဲ့တာကြောင့် ပြည်သူလူထုက စစ်ကောင်စီအပေါ် မယုံကြည်တော့ပါဘူး။ တစ်ဆင့်ပြီး တစ်ဆင့် ပြိုလဲလာတဲ့ မြန်မာ့စီးပွားရေး ပြဿနာကို ကျပ်ငွေရိုက်ထုတ်တာနဲ့ ဖြေရှင်းလို့မရနိုင်ဘူးလို့ စီးပွားရေးသုံးသပ်သူတွေက ဆိုပါတယ်။

ကုန်သွယ်မျှခြေနဲ့ ရသုံးမျှခြေမထိန်းသိမ်းနိုင်တာ၊ ဆုတ်ခွာသွားတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ၊ အိမ်ခြံမြေနဲ့ ပြင်ပငွေကြေးလည်ပတ်နိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အာမခံချက် ကင်းမဲ့မှုတွေကြောင့် မြန်မာ့စီးပွားရေးက ဆက်တိုက်ပြိုလဲနေဆဲပါ။

“အခုချိန်မှာထိန်းဖို့ လုံးဝမလွယ်တော့ဘူး။ အဓိက ယုံကြည်မှုနဲ့ ရင်းနှီးမြုပ်နှံမှု၊ ယုံကြည်မှုကင်းမဲ့သွားတော့ ဘာမှလုပ်မရဘူး။ ဒေါ်လာဆိုတာ ကမ္ဘာ့ဈေးကွက် စံသတ်မှတ်ချက်လို ဖြစ်နေလို့သာ လူတွေက ဒေါ်လာဘက်ကိုလှည့်နေတာ ကျန်တဲ့နိုင်ငံတကာငွေကြေးတွေလည်း အကုန်လိုက်တက်တာပဲ။ သံဈေးနှုန်း နှစ်ဆတက်တယ်။ ဘယ်လိုဆောက်လုပ်ရေးလုပ်ငန်းတွေ လည်ပတ်မလဲ၊။ လုပ်ငန်းမလည်ရင် လုပ်သားတွေ အလုပ်လက်မဲ့ဖြစ်မယ်။ အထည်ချုပ် အပ်ကုန်နဲ့သွားနေတာ၊ အခပေးတွေ၊ ဘဏ်ကစိတ်မချရ ဒီလိုအခြေအနေရှိနေတဲ့ နိုင်ငံကို ဘယ်သူမှ ရင်းနှီးမှာမဟုတ်တော့ဘူး။ အဓိက ပြည်တွင်းယုံကြည်မှုကို အရင်တည်ဆောက်ပြီး ပြည်ပယုံကြည်မှုကိုရမှ ပြန်လည်ပတ်နိုင်တော့မယ် ။ အခုကပြိုလဲသွားပြီ”လို့ ဘဏ်လုပ်ငန်းပညာရှင်တစ်ဦး ကပြောပါတယ်။

ပြိုလဲနေတဲ့ စီးပွားရေးကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီဟာ ကန်ဒေါ်လာ ၈၂သန်းအထိ ထုတ်ရောင်းခဲ့ပေမယ် မြန်မာ့စီပွားရေး အရင်လို ပြန်လည်တည့်မတ်ဖို့ကိုတော့ စစ်ကော်စီအနေနဲ့ မလုပ်ဆောင်နိုင်ဘူးလို့ တည်ငြိမ်မှုရှိမနေတဲ့ ဒေါ်လာဈေးကွက်က အဖြေပေးနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly