မကွေးမြို့ ကြံ့ခိုင်ရေးပါတီရုံးရှေ့ ဗုံးပေါက်ကွဲမှုဖြစ်၊ ၅ နှစ်အရွယ် ကလေးငယ် သေဆုံး

မကွေးမြို့ ကြံ့ခိုင်ရေးပါတီရုံးရှေ့ ဗုံးပေါက်ကွဲမှုဖြစ်၊ ၅ နှစ်အရွယ် ကလေးငယ် သေဆုံး

စက်တင်ဘာ ၁၄

မကွေးမြို့၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တိုင်းရုံး အနီးတွင် ယနေ့ စက်တင်ဘာ ၁၄ ရက် နံနက် ၈ နာရီခန့်က ပြင်းအားကောင်းသော ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ရာ အသက်ငါးနှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး လူငယ်တစ်ဦး ဗုံးစထိမှန် ဒဏ်ရာရရှိသွားကြောင်း မကွေးမြို့ခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးရှေ့ရှိ ကွမ်းယာဆိုင်အတွင်းမှ ကလေးငယ်သည် ပေါက်ကွဲမှုမှ လွင့်ထွက်လာသည့် ဗုံးစထိမှန်ပြီးဒဏ်ရာအပြင်းအထန်ရရှိကာ သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ဗုံးပေါက်တာက မှန်ပါတယ်။ ကြံ့ဖွံ့ရုံးဘေးမှာ ပေါက်တာပါ။ ကလေးတစ်ယောက်ကတော့ သေသွားတယ်လို့ ကြားတယ်။ တစ်ယောက်ကတော့ ယမ်းစမှန်တယ်ပေါ့။ နှစ်ယောက်လို့ ပြောတယ်” ဟု မကွေးမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ ဗုံးဖောက်ခွဲမှုအား မည်သည့်အဖွဲ့က ပြုလုပ်သည်ကို တိတိကျကျမသိရသေးသော်လည်း ပျူစောထီးအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ခန့်မှန်းပြောဆိုသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် လက်ရှိတွင် မကွေးမြို့အဝင်အထွက် ဂိတ်များကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ်ဆို့လိုက်ပြီး တားဆီးစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ဓာတ်ပုံ- (မကွေးသတင်းမှန်ဖေ့စ်ဘွတ်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required