ကိုလံဘီယာရဲ့ အကြီးဆုံး မူးယစ်မှောင်ခိုဂိုဏ်းကို စစ်တပ်က စီးနင်းတိုက်ခိုက်၊ ၇ ဦး သေဆုံး

ကိုလံဘီယာရဲ့ အကြီးဆုံး မူးယစ်မှောင်ခိုဂိုဏ်းကို စစ်တပ်က စီးနင်းတိုက်ခိုက်၊ ၇ ဦး သေဆုံး
Photo - AFP

စက်တင်ဘာ ၁၄

ကိုလံဘီယာနိုင်ငံရဲ့ အကြီးဆုံး မူးယစ်ဆေးဝါးဂိုဏ်းအဖွဲ့ကြီးဖြစ်တဲ့ Clan del Golfo ကို စစ်တပ်က စီးနင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာမှာ မူးယစ်ဂိုဏ်းသား ခုနစ်ယောက် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက စက်တင်ဘာ ၁၃ ရက်မှာ ပြောပါတယ်။

နိုင်ငံ အနောက်မြောက်ဘက် အန်တီယိုကွေအာ နယ်မြေမှာ စစ်တပ်နှင့် ထိပ်တိုက်ရင်ဆိုင်တွေ့မှုတစ်ခုအတွင်း Clan del Golfo ဂိုဏ်းအဖွဲ့သား ခုနစ်ဦး သေဆုံးခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ သေဆုံးသွားတဲ့ မူးယစ်ဆေးဂိုဏ်းသားတွေဟာ ရဲတွေအပေါ် ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှု ခြောက်ခုနဲ့ ပြီးခဲ့တဲ့သီတင်းပတ်ကုန်က လှုပ်ရှားတိုက်ခိုက်မှုတစ်ခုတို့မှာ ပါဝင်ပတ်သက်ထားခဲ့ကြသူတွေ ဖြစ်တယ်လို့ ကိုလံဘီယာစစ်တပ်ရဲ့ အကြီးတန်းတပ်မှူးတစ်ဦးက ကာကွယ်ရေးဝန်ကြီး ဒီယေဂို မိုလာနိုနဲ့အတူ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။

“စီးနင်းတိုက်ခိုက်မှုအတွင်း ဒီ ရာဇဝတ်မှုကျူးလွန်သူ ခုနစ်ဦးကို သုတ်သင်နိုင်ခဲ့တာဖြစ်ပါတယ်၊ နောက်ထပ် နှစ်ဦးကိုတော့ အရှင် ဖမ်းမိထားပါတယ်၊ တစ်ဦးကတော့ ဒဏ်ရာရထားပါတယ်” လို့ ကိုလံဘီယာ စစ်တပ်ရဲ့ အမှတ်-၇ တပ်ခွဲရဲ့ တပ်မှူး ဗိုလ်ချုပ်ကြီး ဂျူဗန်နယ်လ် ဒိုင်ယက်ဇ်က ပြောပါတယ်။

အီတွမ်ဂို၊ တာရာဇာနဲ့ ဗယ်လ်ဒီဗီးရား နယ်မြေတွေအကြား ခြေကုပ်ယူပြီး လှုပ်ရှားနေတဲ့ အဆိုပါ မူးယစ်ဆေးဂိုဏ်းအဖွဲ့ ရှိရာ ဧရိယာတစ်ခုကို စစ်တပ် တပ်ဖွဲ့ဝင်တွေ ထိုးဖောက်ဝင်ရောက် စီးနင်းနိုင်ခဲ့တာ ဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ကိုလံဘီယာမှာ အလိုအရှိဆုံး ရာဇဝတ်သားတစ်ဦးဖြစ်သလို အမေရိကန်က ဆုငွေ ဒေါ်လာ ၅ သန်းထုတ်ထားသူ ဖြစ်တဲ့ ဒိုင်ရို အန်တိုနီယို အူဆူဂါရဲ့ ကွပ်ကဲမှုအောက်မှာ Clan del Golfo မူးယစ်ဆေးဂိုဏ်းဟာ ကိုကင်း တင်ပို့တဲ့ မူးယစ်ဂိုဏ်းအဖွဲ့ ဖြစ်ပါတယ်။

“ဒီ မူးယစ်ဆေးဂိုဏ်းအပေါ် နှိမ်နင်းဖြိုခွင်းမှုကို နိုင်ငံတဝန်း ဆက်လုပ်သွားမှာဖြစ်ပါတယ်၊ ဒါက မူးယစ်ဆေး မှောင်ခိုကူးတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်၊ မူးယစ်မှောင်ခိုကူးပြီးတော့ သူတို့ကိုယ်သူတို့ လက်နက်တွေ ဝယ်ယူတပ်ဆင်ဖို့ ငွေတွေ ရရှိနေတယ်ဆိုတာကို ကျွန်တော် ထောက်ပြချင်ပါတယ်” လို့ ကိုလံဘီယာရဲတပ်ဖွဲ့ရဲ့ ညွှန်ကြားရေးမှူးချုပ် ဂျော့ဂျ် ဗားဂတ်စ်က ပြောသွားခဲ့ပါတယ်။

ရာစုနှစ်ဝက်တစ်ခုကြာ မူးယစ်မှောင်ခိုကူးမှုတွေကို နှိပ်ကွပ်တိုက်ဖျက်ထားခဲ့ပေမယ့် ကိုလံဘီယာဟာ ကမ္ဘာမှာ ကိုကင်း ထုတ်လုပ်ရာ အကြီးဆုံးနေရာအဖြစ် ဆက်ရှိနေပြီး အမေရိကန်ကတော့ ကိုကင်းအတွက် အဓိကဈေးကွက်အဖြစ် ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required