ဒီးမော့ဆိုတွင် စစ်ကောင်စီမှ‌ နေအိမ်များအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခြင်း မကြာခဏပြုလုပ်နေ

ဒီးမော့ဆိုတွင် စစ်ကောင်စီမှ‌ နေအိမ်များအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခြင်း မကြာခဏပြုလုပ်နေ

စက်တင်ဘာ ၁၃

ကယား(ကရင်နီ)ပြည်နယ်အတွင်းရှိ ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က နေအိမ်များအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခြင်း မကြာခဏပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

"ဒီးမော့ဆိုမှာ ဟိုအရင်ရက်တွေကလည်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးတယ်။ ဒီနေ့နေ့လည်ကလည်း အိမ်နှစ် လုံးကို မီးရှို့ဖျက်ဆီးတယ်။ စစ်သား‌တွေက အကြောင်းမဲ့ သက်သက် ရှို့တာပါ။ ပြီးတော့ လွိုင်ကော်ကနေ လက်နက်ကြီးတွေနဲ့ ပစ်နေတာအခုထိပဲ"ဟု ဒီးမော့ဆို ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် ဒီးမော့ဆိုမြို့နယ်တွင် ယနေ့ စက်တင်ဘာ ၁၃ ရက် နေ့လည်ပိုင်းတွင် နေအိမ်များအား လိုက်လ ံမီးရှို့ဖျက်ဆီးနေခြင်းကြောင့် ဒေသခံအချို့ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ (၆) မိုင်ကျေးရွာမှ နေအိမ်များကို မီးရှို့ခဲ့သည့်အပြင် နေအိမ်မီးရှို့ခံရသည့် ပြည်သူတစ်ဦးကိုလည်း လည်ပင်းလှီး သတ်ဖြတ်ကာ အလောင်းကို မီးရှို့ခဲ့‌သေးသည်။

အဆိုပါ ကြွင်းကျန် ရုပ်အလောင်းကို ကရင်နီအမျိူးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့မှ မီးရှို့သင်္ဂြိုဟ်ပေးခဲ့ကြောင်း KNDF မှ ထုတ်ပြန်ခဲ့သည်။

ထို့အပြင် အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် နေအိမ်များကို ဖောက်ထွင်းပြီး ပစ္စည်းများအား ဖျက်ဆီးမီးရှို့သည့်အပြင် ဒီးမော့ဆို (၆) မိုင်ကျေးရွာရှိ ကက်သလစ် ဘုရားရှိခိုး‌ကျောင်းကိုလည်း အကြောင်းမဲ့ ပစ်ခတ်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

ယနေ့ ည ၇ နာရီ ၃၀ မိနစ်ဝန်းကျင်ကလည်း လွိုင်ကော်မြို့ပေါ်၌ ပစ်ခတ်သံများ၊ လက်နက်ကြီးသံများ ကြားနေပြီး ဒီးမော့ဆို(၆) မိုင် စံပြကျေးရွာဘက်သို့ ဦးတည် ပစ်ခတ်နေသည်ဟုလည်း ဒေသခံများထံက သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့် ကရင်နီတပ်မတော်အဖွဲ့များ အကြား စက်တင်ဘာ ၁၁ ရက် အထိတိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ယနေ့တွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးများ ပစ်ခတ်၍ တစ်ဖက်သတ် ထိုးစစ်ဆင်နေကြောင်း ဒေသခံများကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly