ချင်းတွင်းမြစ်မှ ဆန်တက်လာသည့် စစ်ရေယာဉ်တန်း ကနီနယ်သို့ရောက်ရှိ၊ မြစ်တစ်‌လျှောက်ရဟက်ယာဉ်ပျံဝဲနေ 

ချင်းတွင်းမြစ်မှ ဆန်တက်လာသည့် စစ်ရေယာဉ်တန်း ကနီနယ်သို့ရောက်ရှိ၊ မြစ်တစ်‌လျှောက်ရဟက်ယာဉ်ပျံဝဲနေ 

မုံရွာဘက်မှ ချင်းတွင်းမြစ်အတိုင်းဆန်တက်လာသည့် စစ်သင်္ဘောတစ်စီး၊ Speed Boat နှင့်ပစ္စည်းတင်သည့် ဖလက်ခွန်နှစ်စီးနှင့်  စစ်လက်နက်ပစ္စည်းများ တင်ဆောင်ထားသည့် ရေယာဉ်များ ကနီနယ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ 
ယနေ့ညနေပိုင်း ၄ နာရီခန့်တွင် အဆိုပါ လက်နက်ခဲယမ်းတင် စစ်သင်္ဘော နှင့် အောင်ဆုဆုမွန်၊ နှင်းဝေဝေထွန်း ရေယာဉ်အုပ်စုသည် ကနီနယ် ချိုင်ရွာအနီးသို့ ရောက်ရှိနေခြင်းဖြစ်သည်။ 
“စစ်ရေယာဉ်မှာက လေးဘက်လေးလံ အမြောက်တွေပါတယ်။ ဖလက်ခွန်နှစ်စီးက ပစ္စည်းတွေတင်လို့ရတဲ့ဟာမျိုး တင့်ကားတွေ၊ကားတွေ၊ အဲဒီလိုဟာတွေတင်လို့ရတာ။ ချိုင်ရွာအနား မြစ်အလည်မှာ ကျောက်ချရပ်နားနေသေးတယ်။ ရဟတ်ယာဉ်တစ်စီးလည်း ချင်းတွင်းမြစ်တစ်လျှောက်အပေါ်မှာ ပျံဝဲနေတာပါ။ ခုတော့ကနီနယ် နတ်ကြီးရွာကို ဖြတ်သန်းကျော်လွန်သွားပါပြီ” ဟုဒေသခံက တစ်ဦးကပြောသည်။ 
ထိုရေယာဉ်များပေါ်မှ ချင်းတွင်းမြစ်အရှေ့ကမ်း ရွှေစာရေးရွာတွင်းသို့ ယနေ့နေ့လယ် ၂ နာရီခန့်က ပစ်ခတ်မှုပြုလုပ်ကြောင်း သိရသည်။ ထို ရွှေစာရေးကျေးရွာမှ ဒေသခံနှစ်ဦး ဖမ်းဆီးခံရသည်ဟု သတင်းများ ထွက်ပေါ်နေပြီး အတည်ပြုနိုင်ရန်ကြိုးစားဆဲဖြစ်သည်။ 
“ကျွန်တော်တို့သတင်းရတာတော့ လူနှစ်ဦးအဖမ်းခံရတယ်။ အဲဒီရွာသားတွေက ရေကြောင်းကျွမ်းတဲ့သူတွေ၊ လမ်းကြောင်းအတွက်ဖမ်းခေါ်သွားတာလား၊ ဘာလားဆိုတာတော့ သေချာမသိသေးဘူး” ဟုဒေသခံကပြောသည်။ 
အဆိုပါယာဉ်များကို စစ်ကောင်စီမှထုတ်ပြမောင်းနှင်သည်မှာ ပထမဆုံးဖြစ်ပြီး ဒေသခံတော်လှန်ရေးသမားများအား ခြိမ်းခြောက်ခြင်းဖြစ်ပြီး မင်းကင်းဘက်သို့ဦးတည်နေကြောင်း ဒေသခံတော်လှန်ရေးသမားက သုံးသပ်ပြောဆိုသည်။ 
“လမ်းမှာလည်း ပစ်ခတ်တာမျိုးတွေလုပ်တယ်။ ဆိုလိုတာက ငါတို့မှာ ဒါတွေရှိတယ်။ မင်းတို့ပစ်ရင်ငါတို့လည်း ဒါတွေနဲ့ဆော်မှာဆိုပြီး စိတ်ဓာတ်ရေးရာအရ ခြိမ်းခြောက်တာမျိုးပေါ့။ သူတို့ဒီညတော့ကနီမှာနားနိုင်တယ်။သူတို့တပ်တွေရှိတာဆိုတော့၊ ပြီးရင်တော့မင်းကင်းဘက်ကို တက်မယ်ထင်တယ်” ဟု၎င်းကဆိုသည်။ 
ချင်းတွင်းမြစ်ဘေးတစ်လျှောက်ရှိ မုံရွာ၊ ကနီ၊ မင်းကင်း နယ်ဘက်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပေါ်ခဲ့ပြီး လက်ရှိအချိန်တွင် တိုက်ပွဲများ ရပ်နားနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly