မန္တလေး ၁၉လမ်း ဗုံးကွဲမှု ဖြစ်စဉ်များတွင် ရာအိမ်မှူးအပါအဝင် ၂ဦးသေဆုံး ၊၁၁ဦးဒဏ်ရာရ

မန္တလေး ၁၉လမ်း ဗုံးကွဲမှု ဖြစ်စဉ်များတွင် ရာအိမ်မှူးအပါအဝင် ၂ဦးသေဆုံး ၊၁၁ဦးဒဏ်ရာရ

စက်တင်ဘာ ၁၃

မန္တလေးမြို့တွင် စစ်ကောင်စီနှင့်ပတ်သက်သည့် နေရာနှစ်ခု၌ ယနေ့ နေ့လည် ၁၁နာရီခန့်က ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ရာ ရာအိမ်မှူးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မန္တလေးမြို့ ၁၉လမ်းနန်းရှေ့ (ကြိုင်သင်းလက်ဖက်ရည်ဆိုင်အနီး) စစ်ဆေးရေးဂိတ်နှင့် ၁၉လမ်း၊ ၈၉လမ်းနှင့် လမ်း၉၀ကြားရှိကျောက်သပိတ်ရဲစခန်းတို့ လက်ပစ်ဗုံးပစ်ခံရခြင်းဖြစ်သည်။

နာမည်ဆိုးဖြင့်ကျော်ကြားသော နန်းရှေ့ စစ်ဆေးရေးဂိတ်ပေါက်ကွဲမှုတွင် ယင်းဂိတ်ရှိ ရာအိမ်မှူးဦးလှသန်း ပွဲချင်းပြီးသေဆုံးကာ ရဲမေ တစ်ဦး၊ ရဲတပ်သား တစ်ဦး၊ ယာဉ်ထိန်းရဲ နှစ်ဦး၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရာအိမ်မှူးအဖွဲ့ အပါအဝင် ဆယ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထိုထဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့် တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း အောင်မြေသာစံမြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူက ပြောသည်။

ဒဏ်ရာပြင်းထန်သည့် စစ်ကောင်စီအဖွဲ့ဝင်မှာ သေဆုံးကြောင်း ကနဦးသတင်းများအရ သိရှိရသော်လည်း မဇ္ဈိမက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ယင်းအပြင် ၁၉ လမ်းအနောက်ဘက်ထိပ် ကျောက်သပိတ်ရဲစခန်းရှေ့ ဗုံးကွဲမှုတွင် ရဲစခန်းရှေ့ ပန်းရောင်းနေသည့် အမျိုးသမီးတစ်ဦးထိတ်လန့်ကာသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

“ရဲကင်းကိုဝင်ပစ်တာ၊ အဲဒီမှာအမျိုးသမီးတစ်ယောက်က နှလုံးလန့်ပြီး သေသွားတယ်။ ဗုံးသံကအတော် ပြင်းတာကိုး။ တစ်ယောက်ကတော့ ဒဏ်ရာရ သွားတယ်” ဟု ရဲကင်းစခန်းအနီးနေသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly