ဘင်္ဂလားဒေ့ရှ်မှာ COVID-19 ကြောင့် ၁၈ လကြာ ပိတ်ထားတဲ့ စာသင်ကျောင်းတွေ ပြန်ဖွင့် 

ဘင်္ဂလားဒေ့ရှ်မှာ COVID-19 ကြောင့် ၁၈ လကြာ ပိတ်ထားတဲ့ စာသင်ကျောင်းတွေ ပြန်ဖွင့် 
Photo - AFP

စက်တင်ဘာ ၁၃

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့ အကြာရှည်ဆုံး ကျောင်းပိတ်ထားရတာတွေထဲက တစ်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၁၈ လကြာ စာသင်ကျောင်းတွေ ပိတ်ထားရာက ပြန်ဖွင့်ပြီဖြစ်တာကြောင့် တနင်္ဂနွေနေ့မှာ ကလေးငယ်တွေဟာ စာသင်ခန်းတွေဆီ တစ်သွင်သွင် ပြန်လည်ရောက်ရှိလို့ လာပါပြီ။ 

COVID-19 ကပ်ဘေးအတွင်း ကာလရှည်ကျောင်းတွေ ပိတ်တာဟာ တောင်အာရှဒေသက ကလေးငယ်သန်းပေါင်းများစွာအတွက် မမျှတမှုတွေ ပိုပြီး ဆိုးဝါးလာစေတယ်လို့ ယူနီဆက်ဖ်က သတိပေးပြီးနောက် ခုလို ကျောင်းတွေ ပြန်ဖွင့်လာတာပါ။ 

မြို့တော် ဒါကာက စာသင်ကျောင်းတစ်ကျောင်းမှာ ကျောင်းသားကျောင်းသူတွေကို ပန်းတွေ၊ သကြားလုံးတွေနဲ့ ဆီးကြိုကြပြီး နှာခေါင်းစည်း တပ်ဖို့နဲ့ လက်ဆေးဖို့ ပြောဆိုနေကြရပါတယ်။ အချို့ ကျောင်းသားကျောင်းသူ ကလေးငယ်တွေက စိတ်လှုပ်ရှားပျော်ရွှင်ပြီး အချင်းချင်း ပွေ့ဖက်ကြတာကိုလည်း မြင်တွေ့ရပါတယ်။ 

“ကျောင်းပြန်တက်ရတာ အရမ်းပျော်တာပဲ”လို့ အသက် ၁၅ နှစ်အရွယ် အာမတ်က ကျောင်းဝင်းထဲ အဝင်မှာ အေအက်ဖ်ပီကို ပြောပါတယ်။ 

“သူငယ်ချင်းအားလုံးနဲ့ ကိုယ်တိုင်ကိုယ်ကျ ပြန်တွေ့ရတော့မယ်၊ ပြီးတော့ ဆရာ၊ ဆရာမတွေကိုရောပဲ၊ ဒီကနေ့ကတော့ လက်တော့ပ်ကနေ တွေ့မြင်နေရတော့မှာ မဟုတ်ဘူးလေ”လို့ သူက ပြောပါတယ်။ 

ကျောင်းဝင်းဂိတ်မှာတော့ ကျောင်းတာဝန်ရှိသူတွေက ကျောင်းသားကျောင်းသူတွေကို ပေးမဝင်ခင် ကိုယ်အပူချိန် တိုင်းကြပါတယ်။ 

“ကျောင်းဖွင့်တဲ့ ပထမရက်မှာ ခုလောက် အများကြီး ကျောင်းလာတက်ကြမယ်လို့ ထင်တောင် မထင်မိဘူး”လို့ ဒုတိယကျောင်းအုပ်ကြီး ဒီဝန်က ပြောပါတယ်။ 

လူဦးရေ ၁၆၉ သန်ရှိရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၄၁ ရာခိုင်နှုန်းပဲ စမတ်ဖုန်း ရှိကြတယ်လို့ နိုင်ငံရဲ့ တယ်လီကွန်အော်ပရေတာများ အဖွဲ့အစည်းအရ သိရတာကြောင့် ကလေးငယ် သန်းပေါင်းများစွာဟာ အွန်လိုင်းသင်ခန်းစာတွေ မသင်ယူနိုင်ကြတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ 

စမတ်ဖုန်း ရှိရင်တောင် နိုင်ငံရဲ့ ကျေးလက်ခရိုင်တွေက ကျောင်းသားကျောင်းသူတွေအတွက် အွန်လိုင်းကနေ စာသင်လို့ရအောင်အထိ အင်တာနက်မြန်နှုန်းက သိပ်ပြီး ကောင်းလှတာ မဟုတ်ပါ။ 

ကပ်ဘေးကြောင့် ဒေသတွင်းက ကလေးငယ် သန်း ၄၃၀ ကျော်ဟာ တန်းတူမညီမျှမှုဒဏ်ကို ခံစားနေရပြီလို့ ယူနီဆက်ဖ်က ကြာသပတေးနေ့မှာ အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ 

“တောင်အာရှမှာ စာသင်ကျောင်းတွေ ပိတ်တာဟာ အင်တာနက်  မကောင်းတဲ့ ဒေသတွေနဲ့ ဖုန်းလို စက်ကိရိယာတွေ မတတ်နိုင်ကြတဲ့ ကလေးငယ် သန်းပေါင်းများစွာနဲ့ ဆရာ၊ ဆရာမတွေအတွက် ပညာရေးကနေ ကျန်ရစ်နေတော့တာ ဖြစ်ပါတယ်”လို့ ယူနီဆက်ဖ်ရဲ့ ဒေသဆိုင်ရာညွှန်ကြားရေးမှူး ဂျော့ချ်လာယီယာက ပြောပါတယ်။ 

“အကျိုးဆက်အဖြစ် ကလေးငယ်တွေဟာ သူတို့ရဲ့ ပညာရေးခရီးလမ်းမှာ ကြီးမားတဲ့ ဆုတ်ဆိုင်းမှုကြီးကို ခံစားရတော့တာပဲ ဖြစ်ပါတယ်”လို့ သူက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly