နျူကလီးယားစက်ရုံတွေကို ထောက်လှမ်းစောင့်ကြည့်ခွင့်ပြုတာအတွက် အီရန်ကို IAEA ဂုဏ်ပြု 

နျူကလီးယားစက်ရုံတွေကို ထောက်လှမ်းစောင့်ကြည့်ခွင့်ပြုတာအတွက် အီရန်ကို IAEA ဂုဏ်ပြု 
Photo - AFP

စက်တင်ဘာ ၁၃

နျူကလီယားစက်ရုံတွေမှာ ထောက်လှမ်းစောင့်ကြည့်ရေးစနစ် ထားရှိခွင့်ပြုလိုက်တဲ့အတွက် အီရန်နိုင်ငံကို ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲ တနင်္ဂနွေနေ့မှာ ဂုဏ်ပြုပြောဆိုပါတယ်။ 

ခုလို အီရန်ရဲ့ ခွင့်ပြုချက်ဟာ သံခင်းတမန်ခင်း ဆွေးနွေးပွဲတွေအတွက် တံခါးဖွင့်လိုက်တာပဲလို့ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ IAEA ညွှန်ကြားရေးမှူးချုပ် ရာဖေး ဂရို့စ်စေးက ပြောတာ ဖြစ်ပါတယ်။ 

အီရန်နဲ့ IAEA ကြားက အခု သဘောတူညီချက်ဟာ JCPOA လို့ သိထားတဲ့ အီရန်ရဲ့ နျူကလီးယားစီမံကိန်းကို လျှော့ချရေး ၂၀၁၅ သဘောတူညီချက် ပြန်လည်အသက်ဝင်ရေးအတွက် ဆွေးနွေးပွဲတွေ သောင်မတင်ရေမကျ ဖြစ်နေတာကို ပြေပြစ်စေမယ့် လမ်းစလည်းပဲ ဖြစ်ပါတယ်။ 

အခု သဘောတူညီချက်ဟာ ‘သစ်မရခင် ဝါးကူတာမျိုး’ပဲ ဖြစ်တယ်လို့ အီရန်ကနေ ပြန်လည်ရောက်ရှိတဲ့ ရာဖေး ဂရို့စ်စေးက သတင်းထောက်တွေကို ပြောပါတယ်။ ‘သံတမန်ရေးအတွက် လမ်းပွင့်စေမယ့်’ ဒီ သဘောတူညီချက်အရ ‘အရေးကြီးဆုံး ပြဿနာ’ကို ပြင်ဆင်လိုက်တာပဲလို့ သူက ဆိုပါတယ်။ 

အင်အားကြီးနိုင်ငံတွေနဲ့ ချုပ်ဆိုတဲ့ JCPOA သဘောတူညီချက်ကနေ ၂၀၁၈ မှာ ဒေါ်နယ်ထရမ့် အစိုးရ နုတ်ထွက်သွားချိန်ကစလို့ အီရန်နိုင်ငံဟာ သဘောတူညီချက်ပါ ကတိကဝတ်တွေကို လိုက်နာတော့ခြင်း မရှိဖြစ်လာခဲ့ပါတယ်။ 

သဘောတူညီချက်ဆီ ပြန်လည်ပါဝင်လိုကြောင်း ထရမ့်နေရာ ဆက်ခံတဲ့ ဂျိုး ဘိုင်ဒင်က ညွှန်ပြပြောဆိုထားပေမယ့် တန့်ရပ်နေတဲ့ ဆွေးနွေးပွဲတွေကြောင့် စိတ်မရှည်နိုင်ဖြစ်ရကြောင်းကိုတော့ သူ့အစိုးရက ဖော်ပြထားပါတယ်။ 

အခု ရရှိတဲ့ သဘောတူညီချက်ဟာ ‘ပူးပေါင်းဆောင်ရွက်မှုနဲ့ အပြန်အလှန်ယုံကြည်မှုရဲ့ အနှစ်သာရ’ပဲဖြစ်တယလို့ ရာဖေး ဂရို့စ်စေးနဲ့ အီရန်အဏုမြူစွမ်းအင်အဖွဲ့အစည်း AEOI အကြီးအကဲဖြစ်သလို အီရန်ဒုတိယသမ္မတလည်း ဖြစ်တဲ့ မိုဟာမတ် အီစလမ်မီတို့ရဲ့ တနင်္ဂနွေနေ့က ပူးတွဲထုတ်ပြန်ချက်မှာ ဂုဏ်ပြုဖော်ပြထားပါတယ်။  

နျူကလီးယားစက်ရုံတွေကို စောင့်ကြည့်တာဟာ ‘အထူးသီးသန့် လုပ်ထုံးလုပ်နည်းဆိုင်ရာ နည်းလမ်း’ နဲ့ ဆောင်ရွက်ရွက်သွားရမယ့် အရေးကိစ္စရပ်ပဲ ဖြစ်တယ်လို့လည်း အဲဒီ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။ 

အခု သဘောတူညီချက်ဟာ အီရန်ရဲ့ နျူကလီးယားစက်ရုံတွေကို IAEA ရဲ့ စောင့်ကြည့်နိုင်မှုအပေါ် အီရန်က ချမှတ်ပြဋ္ဌာန်းထားတဲ့ ကန့်သတ်ချက်တွေနဲ့လည်း ဆက်စပ်မှု ရှိပါတယ်။ 

အီရန်ဟာ IAEA က တပ်ဆင်တဲ့ ကင်မရာတွေနဲ့ ထောက်လှမ်းရေးကိရိယာတွေကနေပြီး နျူကလီးယားစက်ရုံတွေမှာ အချိန်ပြည့်စောင့်ကြည့်တာကို ငြင်းဆန်ထားခဲ့တာလည်း ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required