ဒေါ်အောင်ဆန်းစုကြည် တရားခွင်အတွင်း ထိုင်နိုင်ခြင်းမရှိသည့် ကျန်းမာရေး အခြေအနေကြောင့် ယနေ့ ခွင့်တိုင်ကြား

ဒေါ်အောင်ဆန်းစုကြည် တရားခွင်အတွင်း ထိုင်နိုင်ခြင်းမရှိသည့် ကျန်းမာရေး အခြေအနေကြောင့် ယနေ့ ခွင့်တိုင်ကြား

စက်တင်ဘာ ၁၃

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တရားခွင် အတွင်း ထိုင်နိုင်ခြင်းမရှိသည့် ကျန်းမာရေးအခြေအနေကြောင့် ယနေ့ ချိန်းဆိုထားသည့်ရုံးချိန်းကို မစစ်ဆေးဖြစ်ဘဲ ခွင့်တိုင်ကြားခဲ့ရကြောင်း ရှေ့နေအဖွဲ့ဝင်တစ်ဦးက ပြောသည်။

"ခေါင်းမူးတယ်ဗျာ။ ကားနဲ့လာရတဲ့အတွက်ခါတာကြောင့်လို့ ကားမစီးနိုင်ဘူးပြောတယ်။ အခြားရောဂါကြောင့်တော့မဟုတ်ပါဘူး။ ဒီမနက်မှ ဖြစ်တာပါ။ ထိုင်နိုင်တဲ့အခြေအနေမဟုတ်တဲ့အတွက် ရုံးချိန်းကိုမနက်ဖြန် ပြန်ချိန်းပေးဖို့ပြောတယ် ကျွန်တော်တို့ ခွင့်တိုင်ပေးလိုက်ပါတယ်"ဟု ဆိုသည်။

COVID-19 တတိယလှိုင်းကြောင့် ရုံးချိန်းကို ဇူလိုင်လအတွင်းမှစတင်ကာ နှစ်လကြာယာယီဆိုင်းငံထားရာမှ ယနေ့ ရုံးချိန်ကို စတင် ခေါ်ယူခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအတွက် မည်သည့်ဆရာဝန်နှင့်ပြသခွင့် ရမည်ဆိုခြင်းကို မသိရှိရသေးကြောင်း ၎င်းကဆိုသည်။

"ဒါကတော့ မသိသေးဘူးဗျ။ သူတို့စီစဉ်ပေးတဲ့ဆရာဝန်နဲ့ပဲပြရမယ်ထင်တယ်။ ဒါက သူတို့စီစဉ်ပေးရမယ့်ကိစ္စပါ"ဟုဆိုသည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင်သမ္မတကြီး ဦးဝင်းမြင့် နှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် တို့ကို စွဲဆိုခံထားရတဲ့ အမှုများအတွက် စက်တင်ဘာ ၁၄ ရက်ကို ပြန်လည်ချိန်းဆို ထားသည်။

နိုင်ငံခေါင်းဆောင်သုံးဦးကို သဘာဝဘေးအန္တာရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မအပါအဝင်ဆက်သွယ်ရေးဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ စသည့် ပုဒ်မများစွာဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required