“အငြင်းပွားစရာ ဖန်တီးရန်’ တရုတ်က ဟွန်ဒူးရပ်စ် ရွေးကောက်ပွဲကို အသုံးချလုပ်ဆောင်နေဟု ထိုင်ဝမ် ပြော

By Yahoo News/ Reuters
13 September 2021
“အငြင်းပွားစရာ ဖန်တီးရန်’ တရုတ်က ဟွန်ဒူးရပ်စ် ရွေးကောက်ပွဲကို အသုံးချလုပ်ဆောင်နေဟု ထိုင်ဝမ် ပြော

တရုတ်သည် “အငြင်းပွားစရာ အခြေအနေ ဖန်တီးရန်”အတွက် ဟွန်ဒူးရပ်စ်နိုင်ငံ၏ ရွေးကောက်ပွဲကို အသုံးချလုပ်ဆောင်ရန် ကြိုးပမ်းနေသလို ဟွန်ဒူးရပ်စ်နှင့် ထိုင်ဝမ်အကြား ကာလကြာရှည် ဆက်ဆံပတ်သက်မှုကို ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်ကြိုးပမ်းနေသည်ဟု ထိုင်ဝမ်က စက်တင်ဘာ ၁၀ ရက်တွင် စွပ်စွဲပြောကြားလိုက်သည်။ ယင်းအနေဖြင့် ဟွန်ဒူးရပ်စ်နှင့် တိုင်ပေအကြား ဆက်ဆံပတ်သက်မှုအတွက် ထောက်ခံအားပေးမှု ရရှိရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထိုင်ဝမ်က ပြောသည်။

ဖြုတ်ချခံ သမ္မတဟောင်း မန်နျူရယ် ဇယ်လာယာ ဦးဆောင်သည့် ဟွန်ဒူးရပ်စ် အဓိက လက်ဝဲယိမ်းအတိုက်အခံပါတီက အကယ်၍ လာမည့် နိုဝင်ဘာ သမ္မတရွေးကောက်ပွဲတွင် ၎င်းတို့ပါတီ အနိုင်ရပါက ၎င်းတို့အနေဖြင့် နိုင်ငံ၏ ကြွေးမြီများကို “ပြန်ညှိ” သွားမည်ဖြစ်သလို တရုတ်နှင့်အကြား သံတမန်ဆက်ဆံရေး ထူထောင်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၅ ရက်က ပြောခဲ့သည်။

ဟွန်ဒူးရပ်စ်သည် ထိုင်ဝမ်နှင့်အကြား တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်ထားရှိသည့် နိုင်ငံ ၁၅ နိုင်ငံအနက် တစ်နိုင်ငံ ဖြစ်သည်။ ထိုင်ဝမ်သည် မိမိတို့၏ နယ်မြေတစ်ခုဖြစ်သလို သီးခြားနိုင်ငံတစ်နိုင်ငံအဖြစ် ယင်းဘာသာ ထုတ်ဖော်ခွင့်မရှိသည့် နယ်မြေတစ်ခု ဖြစ်ကြောင်း တရုတ်က ပြောထားသည်။

တရုတ်၏ “မျက်စိနောက်စရာ ကောင်းပြီး မှန်ကန်မှု မရှိသည့်” ကတိကဝတ်များအပေါ် အယုံမလွယ်မိစေရန် ဟွန်ဒူးရပ်စ်ကို ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးထားခဲ့သည်။ ထိုင်ဝမ်နှင့် ယင်း၏ သံတမန် မဟာမိတ်များအကြား ဆက်ဆံပတ်သက်မှုများကို ထိခိုက်စေရေး ကြိုးပမ်းမှုများကို တရုတ်တို့ မည်သည့်အခါကမှ ရပ်တန့်မထားခဲ့ဟု ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

“သိပ်မကြာခင်တုန်းက ကျွန်တော်တို့နဲ့ ဟွန်ဒူးရပ်စ်အကြား သံတမန်ဆက်ဆံရေး မတည်ငြိမ်ဘူးဆိုတဲ့ မှားယွင်းတဲ့ ပုံရိပ်တစ်ခုကို ထုတ်ဖော်ဖို့နဲ့ အငြင်းပွားဖွယ် အကြောင်းအရာတွေ ဖန်တီးဖို့အတွက် ကျွန်တော်တို့ရဲ့ မဟာမိတ်နိုင်ငံရဲ့ ဒီမိုကရေစီရွေးကောက်ပွဲကိုတောင် တရုတ်တို့ အသုံးချထားခဲ့ပါတယ်” ဟု ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။ ယင်းနှင့်ပတ်သက်၍ အခြား အသေးစိတ်အချက်အလက်များကို ယင်းက ပြောခဲ့ခြင်း မရှိပေ။

ထိုင်ဝမ်၏ သံတမန်ရေးရာ လုပ်ဆောင်ချက်များအပေါ် တရုတ်၏ “လူမဆန်သည့် ဖိနှိပ်မှု” နှင့် ရင်ဆိုင်ရစဥ် ထိုင်ဝမ်အစိုးရအနေဖြင့် “ဟွန်ဒူးရပ်စ်၏ စီးပွားရေးနှင့် လူမှုဆိုင်ရာ တိုးတက်မှုအတွက် အကူအညီပေးမှုကို ထုတ်ဖော်ပြသနိုင်ရန်နှင့် ထိုင်ဝမ်အပေါ် ဟွန်ဒူးရပ်စ်၏ အာဏာရပါတီနှင့် အတိုက်အခံပါတီများဘက်မှ ထောက်ခံမှု ရရှိရန်တို့အတွက် ခိုင်မာသည့် လုပ်ဆောင်ချက်များ လုပ်ဆောင်သွားမည်” ပင် ဖြစ်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး သဘောထားမှတ်ချက်ပေးရန် ပန်ကြားချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက လက်တလော တုံ့ပြန်ထားခြင်း မရှိပေ။

ဟွန်ဒူးရပ်စ်သည် ထိုင်ဝမ်၏ အမည်ဟောင်း တရုတ်သမ္မတနိုင်ငံနှင့်အကြား ဆယ်စုနှစ် ရှစ်စုကြာ ဆက်ဆံရေး ရှိထားသည်။ ယင်းသည် ၁၉၄၉ ခုနှစ်က ပေကျင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီနှင့်အကြား ဖြစ်ခဲ့သည့် ပြည်တွင်းစစ်တွင် ရှုံးပြီး ကူမင်တန်အစိုးရ ထိုင်ဝမ်သို့ ပြောင်းရွှေ့ခဲ့မှုအချိန်ထက် ပိုစောနေသည်။

ထိုင်ဝမ်၏ လက်ကျန် မဟာမိတ်များကို မိမိဘက် ပါလာရန် ဆွဲဆောင်သိမ်းသွင်းနေသည့် တရုတ်၏ ကြိုးပမ်းမှုများက ဝါရှင်တန်ကိုလည်း သတိပေးလှုံ့ဆော်ထားခဲ့သည်။ ဝါရှင်တန်သည် ဗဟိုအမေရိကနှင့် ကာရစ်ဘီယန်တို့တွင် ပေကျင်း၏ သြဇာကြီးထွားလာမှုနှင့်ပတ်သက်ပြီး အထူးတလည် စိုးရိမ်ပူပန်လျက် ရှိသည်။

၂၀၁၈ ခုနှစ်က အယ်လ် ဆယ်‌ဗေးဒိုး နိုင်ငံသည် တိုင်ပေကို စွန့်ခွာပြီး ပေကျင်းနှင့် သံတမန်ဆက်ဆံရေး ထူထောင်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly