သြစတြေးလျ ဝီဂါအမျိုးသမီးက သူမ၏ ခင်ပွန်းဖြစ်သူ တရုတ်၌ မတရားထိန်းသိမ်းခံထားရပုံကို ယူကေခုံရုံးသို့ ဖွင့်ဟတိုင်တန်း

By ABC
13 September 2021
သြစတြေးလျ ဝီဂါအမျိုးသမီးက သူမ၏ ခင်ပွန်းဖြစ်သူ တရုတ်၌ မတရားထိန်းသိမ်းခံထားရပုံကို ယူကေခုံရုံးသို့ ဖွင့်ဟတိုင်တန်း

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှ မီရေး မက်ဇန်ဆော့ဖ် အမည်ရ အမျိုးသမီးတစ်ဦး၏ ခင်ပွန်းဖြစ်သူ အပါအဝင် မွတ်ဆလင် လူနည်းစုများကို တရုတ်အာဏာပိုင်တို့က မတရားဖမ်းဆီးထိန်းသိမ်းပြီး နှိပ်စက်ညှင်းပန်းလျက် ရှိကြောင်း ဝီဂါအရေးဆိုင်ရာ စုံစမ်းစစ်ဆေးသည့် ယူကေအခြေစိုက် လွတ်လပ်သော ပြည်သူ့ခုံရုံးက ကြားနာသိရှိခဲ့သည်။

တရုတ်အပေါ် ဒဏ်ခတ်အရေးယူရန် သို့မဟုတ် အပြစ်ပေးရန် လုပ်ပိုင်ခွင့်အာဏာများ ရှိမနေသော်လည်း ဝီဂါများအပေါ် တရုတ်အာဏာပိုင်တို့ဘက်က လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိထားသလား ဆိုပြီး စစ်ဆေးအကဲဖြတ်ရန် ဖွဲ့စည်းတည်ထောင်ထားသည့် အဆိုပါ ခုံရုံးသည် “တရုတ်တို့ ကျူးလွန်ထားသည် ဆိုသော လူမျိုးတုန်းသတ်ဖြတ်မှုနှင့်အတူ ဝီဂါ၊ ကာဇက်နှင့် အခြား တာကစ်စကားပြော မွတ်ဆလင် လူအစုအဖွဲ့တို့အပေါ် ကျူးလွန်ထားသည် ဆိုသည့် လူသားထုအ‌ပေါ် ကျူးလွန်သည့် ပြစ်မှုများ” နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးလျက် ရှိသည်။

တရုတ်၏ ရှင်ကျန်းဒေသ၌ မွတ်ဆလင် လူနည်းစုများအပေါ် အစုအပြုံလိုက် အကျဥ်းချမှု၊ အတင်းအဓမ္မ လုပ်သားခိုင်းစေမှု၊ အခြားသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ၊ လူ့အခွင့်အရေးအဖွဲ့များ အပြင် သြစတြေးလျ အပါအဝင် အနောက်အုပ်စု အစိုးရများက စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ထားခဲ့ကြသည်။

မစ္စ မက်ဇန်ဆော့ဖ်၏ ခင်ပွန်းဖြစ်သူ မီအာဇတ် တာဟာသည် တရုတ်၌ ခွဲထွက်ရေးဝါဒီအဖြစ် စွပ်စွဲခံရပြီး ထောင်ဒဏ် ၂၅ နှစ်ချမှတ်ခံခဲ့ရကြောင်း ABC သတင်းဌာနက ဧပြီလတွင် ဖော်ပြခဲ့သည်။

မစ္စတာ တာဟာသည် “ကျား ကုလားထိုင်များ သို့မဟုတ် ထိန်းသိမ်းထားသူများကို ချုပ်နှောင်ထိန်းသိမ်းထားရန် အထူးဒီဇိုင်းထုတ်ထားသည့် ထိုင်ခုံများ” ဖြင့် နှိပ်စက်ခံထားရသလို၊ “စိတ်ဓာတ်ရေးရာ ညှင်းပန်းနှိပ်စက်” ခံခဲ့ရကာ တရုတ်တာဝန်ရှိသူများ လက်အတွင်း ဖမ်းဆီးခံရမှုများကို တွေ့ကြုံထားခဲ့ကြောင်း ဝီဂါခုံရုံးဆိုင်ရာ ဥပဒေအကျိုးဆောင်တစ်ဦးဖြစ်သည့် ဟာမစ် ဆာဘီထံ မစ္စ မက်ဇန်ဆော့ဖ်က အတည်ပြုပြောဆိုခဲ့သည်။

လက်ထိပ်များနှင့် သံခြေကွင်းများ ပါသည့် ထိုင်ခုံများဖြစ်သည့် “ကျား ထိုင်ခုံများ” ကို တရုတ်တွင် လုံခြုံရေးတပ်ဖွဲ့များက အသုံးပြုကြသည်ဟု သိရှိရသည်။

တရုတ်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများ တရုတ်ကွန်မြူနစ်ပါတီကို မည်သည့်အတွက်ကြောင့် သစ္စာခံကြောင်း ကတိပြုရန် လိုအပ်သလဲ ဆိုပြီး မစ္စ မက်ဇန်ဆော့ဖ်၏ ပြောကြားချက်နှင့်ပတ်သက်ပြီး ပြည်သူ့ခုံရုံး ဥက္ကဋ္ဌ ဆာ ဂျက်ဖရီ နိုက်စ်က အကျဥ်းရုံးပြောဆိုရာတွင် ယင်းက အကျဥ်းသားများအနေဖြင့် “တရုတ်ကို ဒူးထောက်၊ ချီးကျူးမလား ဒါမှမဟုတ် အစာငတ်ခံ အသက်သေမလား” ဆိုပြီး ရွေးချယ်ရမည့် အခြေအနေမျိုး ဖြစ်နေကြောင်း ထုတ်ဖော်သွားခဲ့သည်။

ဆာ နိုက်စ်သည် ယူဂိုဆလက်ဗ် ခေါင်းဆောင်ဟောင်း ဆလိုဘိုဒန် မီလိုဆီဗစ်၏ လူမျိုးတုန်း သတ်မှုဆိုင်ရာ ရုံးတင်စစ်‌ဆေးမှုတွင် ဦးဆောင်အစိုးရရှေ့နေတစ်ဦး ဖြစ်ခဲ့သည်။

မစ္စတာ တာဟာသည် တူရကီ၊ မလေးရှား ကဲ့သို့ မွတ်ဆလင် အများစု ပြည်ပနိုင်ငံများတွင် နေထိုင်ဖြတ်သန်းခဲ့မှုကြောင့် ၎င်းကို တရုတ်အာဏာပိုင်တို့ ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း မစ္စ မက်ဇန်ဆော့ဖ်က ပြောသည်။

“သူတို့ (တရုတ်အာဏာပိုင်များ) က ကျွန်မတို့ကို ပြင်ပကမ္ဘာနဲ့ ကင်းကင်း နေစေချင်နေတာပါ” ဟု သူမက ခုံရုံးကို ပြောသည်။

သူမ၏ ခင်ပွန်းဖြစ်သူကို တရုတ် တရားသူကြီးတစ်ဦးက ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သော်လည်း ယင်းသည် မှန်ကန်အပ်စပ်သည့် ဥပဒေ လုပ်ငန်းစဥ်တစ်ခု ဖြစ်ခဲ့သလား သို့မဟုတ် လျော်ကန်သည့် တရားရုံး စစ်ဆေးစီရင်မှုကို ပြသခဲ့သလား ဆိုသည်မှာ သေချာမှု မရှိခဲ့ဟု မစ္စ မက်ဇန်ဆော့ဖ်က ပြောခဲ့သည်။

တရုတ်တွင် တရားစွဲဆိုမှုနှုန်းသည် ၉၉ ရာခိုင်နှုန်း‌ကျော် ပျမ်းမျှရှိသည်ဟု လေ့လာစောင့်ကြည့်သူများက ပြောသည်။

“ကျွန်မ ခင်ပွန်းအပေါ် စွဲဆိုတဲ့ ခိုင်မာတဲ့ သက်သေအထောက်အထားလည်း လုံးဝ မရှိပါဘူး” ဟု မက်ဇန်ဆော့ဖ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly