အာရှဖလားဟော်ကီပြိုင်ပွဲ ၀င်ခွင့်တစ်နေရာအတွက် မြန်မာနှင့် တရုတ်(တိုင်ပေ)တို့ အကြိတ်အနယ်ဖြစ်နေ

အာရှဖလားဟော်ကီပြိုင်ပွဲ ၀င်ခွင့်တစ်နေရာအတွက် မြန်မာနှင့် တရုတ်(တိုင်ပေ)တို့ အကြိတ်အနယ်ဖြစ်နေ
ပွဲဦးထွက်ပွဲစဉ်ဖြစ်သည့် အိမ်ရှင်မြန်မာအသင်းနှင့် တရုတ်(တိုင်ပေ)တို့ ကစားခဲ့စဉ်။ (ဓာတ်ပုံ - အားကာ/သိပ္ပံ)

ဒီဇင်ဘာ ၁၆၊ ရန်ကုန်။             ။ ကျင်းပလျက်ရှိသည့် ၂၀၁၅ ခုနှစ် ဒုတိယအကြိမ် အာရှအမျိုးသားဖိတ်ခေါ်ဟော်ကီပြိုင်ပွဲ(2nd Men's Asian Challenge)တွင် ဒုတိယရရှိမည့်အသင်းမှာ လာမည့် အာရှဖလားဟော်ကီပြိုင်ပွဲသို့ ဝင်ခွင့်ရမည်ဖြစ်ပြီး ဒုတိယနေရာမှ ဝင်ခွင့်တစ်နေရာ အတွက် အိမ်ရှင်မြန်မာအသင်းနှင့် တရုတ်(တိုင်ပေ)အသင်းတို့ အကြိတ်အနယ်ဖြစ်နေသည်။

အာရှအမျိုးသားဖိတ်ခေါ်ဟော်ကီပြိုင်ပွဲ အုပ်စုပွဲစဉ် နှစ်ပွဲစီ ကစားပြီးချိန်တွင် တရုတ်အသင်းက နှစ်ပွဲစလုံး အနိုင်ရထားပြီး အုပ်စုပထမနေရာမှတစ်ဆင့် အာရှဖလားဟော်ကီပြိုင်ပွဲသို့ ဝင်ခွင့်ရရန် အခြေအနေအကောင်းဆုံးဖြစ်နေသည်။

အိမ်ရှင် မြန်မာအသင်းမှာ နှစ်ပွဲကစားအပြီးတွင် တစ်ပွဲ နိုင်၊ တစ်ပွဲ ရှုံး ရမှတ် သုံးမှတ် ရရှိထားပြီး အုပ်စုဒုတိယနေရာတွင် ရပ်တည် နေသည်။ အလားတူ တရုတ်(တိုင်ပေ)အသင်းမှာလည်း နှစ်ပွဲ ကစားအပြီးတွင် တစ်ပွဲ နိုင်၊ တစ်ပွဲ ရှုံး ရမှတ် သုံးမှတ်ဖြင့် အိမ်ရှင်မြန်မာနှင့် ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် အုပ်စုတတိယနေရာတွင် ရပ်တည်နေခြင်းဖြစ်သည်။

ဟောင်ကောင် အသင်းမှာ နှစ်ပွဲ ကစားပြီးတွင် နှစ်ပွဲ စလုံး ရှုံးနိမ့်ထားသည့်အတွက် အမှတ်ပေးဇယား အောက်ဆုံးတွင် ရပ်တည်နေသည်။ ဟောင်ကောင်အသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် တရုတ်(တိုင်ပေ)အသင်းနှင့် ကစားရမည်ဖြစ်ပြီး အိမ်ရှင်မြန်မာ အသင်းမှာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် အမှတ်ပေးဇယား ထိပ်ဆုံးမှ တရုတ်အသင်းနှင့် ကစားရမည်ဖြစ်သည်။

ထို့ကြောင့် အိမ်ရှင်မြန်မာအသင်းနှင့် တရုတ်(တိုင်ပေ)အသင်းတို့သည် အုပ်စုနောက်ဆုံးပွဲစဉ်တွင် ရလဒ်ကောင်းရရှိပါက အာရှဖလား ဟော်ကီပြိုင်ပွဲဝင်ခွင့်ရရန် မျှော်လင့်ချက်ရှိနေသည်။ ' တရုတ်ကတော့ ဒီပြိုင်ပွဲမှာ အကောင်းဆုံးအသင်းပါ။ တရုတ်အသင်းကို အနိုင်ရဖို့တော့ မလွယ်ကူပါဘူး။ မြန်မာအသင်းအနေနဲ့ အဓိက ခံစစ်ကို ဦးစားပေးကစားပြီး တန်ပြန်တိုက်စစ်နဲ့ပဲ ကစားရမှာ ပါ'ဟု မြန်မာ့လက်ရွေးစင် အမျိုးသားဟော်ကီအသင်း မန်နေဂျာ ဦးကျော်ကျော်ဦးက မဇ္ဈိမသို့ ပြောသည်။

အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် အိမ်ရှင်မြန်မာအသင်းနှင့် တရုတ်အသင်းတို့သည် ဒီဇင်ဘာ ၁၇ ရက် မွန်းတည့် ၁၂း၄၅ နာရီတွင် ရန်ကုန်မြို့၊ သိမ်ဖြူမြက်ခင်းတုဟော်ကီကွင်း၌ ကစားမည်ဖြစ်သည်။ အလားတူ ဟောင်ကောင်အသင်းနှင့် တရုတ်(တိုင်ပေ)အသင်း တို့ပွဲစဉ်မှာ လည်း ဒီဇင်ဘာ ၁၇ ရက် ညနေ ၃း၀၀ နာရီတွင် သိမ်ဖြူမြက်ခင်းတုဟော်ကီကွင်း၌ ကစားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly