မလေးရှားသို့ သွားရန် ကြိုးပမ်းခဲ့သည့် မြန်မာ ၁၄ ဦးကို ထိုင်းရဲဖမ်းဆီး

မလေးရှားသို့ သွားရန် ကြိုးပမ်းခဲ့သည့် မြန်မာ ၁၄ ဦးကို ထိုင်းရဲဖမ်းဆီး

စက်တင်ဘာ ၁၂

မလေးရှားနိုင်ငံသို့ သွားရောက်မည့် မြန်မာနိုင်ငံသား ၁၄ ဦးကို မလေးရှားနိုင်ငံ ကီဒါပြည်နယ်၏ မျက်နှာချင်းဆိုင် ထိုင်းဘက်ခြမ်းနယ်စပ် ဆာဒါအိုဒေသတွင် စက်တင်ဘာ ၁၁ ရက်က ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် အုပ်စုနှစ်စုဖြင့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

စက်တင်ဘာ ၁၁ ရက် နေ့လည်ပိုင်းက တမ်ဘွန် ဆမ်နက်ခ် ခန်း အရပ်ရှိ ရိုင်တော့ခ် ကျေးရွာတွင် နယ်စပ်တစ်လျှောက် လမ်းတစ်လမ်းတွင် တိုယိုတာ ရီဗို ပစ်ကပ် ကားတစ်စီးကို ထိုင်းရဲများက တားဆီးစစ်ဆေးခဲ့စဉ် ပထမ ရွှေ့ပြောင်းအုပ်စုတစ်စု ဖမ်းဆီးခံခဲ့ရသည်။ ပစ်ကပ်ကားထဲတွင် အမျိုးသား လေးဦးနှင့် အမျိုးသမီး သုံးဦး ပါဝင်သည့် မြန်မာရွှေ့ပြောင်း ခုနစ်ဦးကို တွေ့ရှိခဲ့သည်။

ပတ္တနီ ပြည်နယ်မှ ပစ်ကပ်ကားဒရိုင်ဘာဖြစ်သည့် အသက် ၃၇ နှစ်အရွယ် ဆူခီပလီ အရုန်းက အာဏာပိုင်များကို ပြောကြားရာတွင် ၎င်းသည် အဆိုပါ မြန်မာရွှေ့ပြောင်းများကို နာမွမ် ဒေသ ခူအန်ချောင် ရွာကနေ မနက် ၁၁ နာရီခန့်က ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ မြန်မာရွှေ့ပြောင်းလုပ်သားများကို မလေးရှားနယ်စပ်သို့ ပို့ဆောင်ပေးရန်အတွက် ခရီးသည်တစ်ဦးလျင် ဘတ် ၁,၀၀၀ နှုန်းဖြင့် ၎င်းအား ငှားရမ်းခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

ထို့ပြင် ထိုင်းအာဏာပိုင်များသည် မလေးရှားနှင့်အကြား နယ်စပ်တွင် အမျိုးသားငါးဦး၊ အမျိုးသမီး နှစ်ဦး ပါဝင်သည့် နောက်ထပ် လူခုနစ်ဦးပါ မြန်မာရွှေ့ပြောင်းလုပ်သားအုပ်စုတစ်စုကို တွေ့ရှိဖမ်းဆီးခဲ့ပြီး အဆိုပါ ရွှေ့ပြောင်းများသည် နယ်စပ်ကို ဖြတ်ကျော် ခေါ်ဆောင်ခံရရန်အတွက် ‌စောင့်ဆိုင်းရင်း ခြုံပုတ်ထဲတွင် ပုန်းနေခဲ့ကြသည်ဟု သိရသည်။ ၎င်းတို့ကို အခြားကားတစ်စီးဖြင့် ဆုန်ခလာကနေ နယ်စပ်သို့ ပို့ဆောင်ထားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၄ ဦးက ပြောကြားခဲ့ရာတွင် ၎င်းတို့သည် အစောပိုင်းက အန်ထောင်းပြည်နယ်မှ ဆုန်ခလာရှိ နာမွမ် ဒေသသို့ အငှားယာဉ်ဖြင့် လာရောက်ခဲ့ကြသည်ဟု ပြောသည်။ ၎င်းတို့သည် မလေးရှားနိုင်ငံတွင် အလုပ်အကိုင်များ ရရှိရန်အတွက် ပွဲစားများကို မလေးရှားရင်းဂစ် ၃,၅၀၀ (ထိုင်းဘတ် ၄၅,၀၀၀ ခန့်) အသီးသီး ပေးခဲ့ကြရသည်ဟု သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး လူကုန်ကူးမှု အဖွဲ့ကို ရှာဖွေဖော်ထုတ်နိုင်ရန် ထိုင်းအာဏာပိုင်တို့ စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို လုပ်ဆောင်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly