9/11 ဖြစ်ရပ် နှစ် ၂၀ ပြည့် နှစ်ပတ်လည်အခမ်းအနား အမေရိကန်မှာ ကျင်းပ

9/11 ဖြစ်ရပ် နှစ် ၂၀ ပြည့် နှစ်ပတ်လည်အခမ်းအနား အမေရိကန်မှာ ကျင်းပ
Photo - AFP

စက်တင်ဘာ ၁၂

အမေရိကန်နိုင်ငံမှာ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်က ဖြစ်ပွားခဲ့တဲ့ 9/11 အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ရပ်ရဲ့ အနှစ် ၂၀ ပြည့် နှစ်ပတ်လည်အခမ်းအနားကို ယမန်နေ့ စက်တင်ဘာ ၁၁ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံမှာ ပြည်သူအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ရှိကြရေးအတွက် အမေရိကန်ခေါင်းဆောင်တွေက ပန်ကြားမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

9/11 ဖြစ်ရပ်ရဲ့ နှစ် ၂၀ ပြည့်မြောက်တဲ့ ယခုနှစ်မှာတော့ အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်ဖွဲ့တွေ မသေမသပ် ရုပ်သိမ်းခဲ့ရမှုနဲ့ ယင်းနိုင်ငံမှာ တာလီဘန်တွေ အာဏာပြန်ရသွားမှု ဖြစ်စဉ်တွေလည်း ပေါ်ပေါက်ထားခဲ့ပါတယ်။

နယူးယော့ခ်မှာ ပြုလုပ်တဲ့ 9/11 အထိမ်းအမှတ် အခမ်းအနားမှာတော့ အမေရိကန်သမိုင်းမှာ အဆိုးရွားဆုံး အကြမ်းဖက်တိုက်ခိုက်ခံရမှုအဖြစ် မှတ်တမ်းဝင်ထားခဲ့တဲ့ အယ်လ်ကိုင်ဒါတို့ရဲ့ တိုက်ခိုက်မှုတွေအတွင်း သေဆုံးခဲ့သူ လူပေါင်း ၃,၀၀၀ နီးပါးတို့ရဲ့ အမည်တွေကို ဖတ်ပြခဲ့ချိန် ကျန်ရစ်သူ ဆွေမျိုးတွေ မျက်ရည်ကျခဲ့ကြပါတယ်။

“ငါတို့ မင်းတို့ကို ချစ်တယ်၊ ခုထိ လွမ်းဆွတ်နေရဆဲပါပဲ” ဆိုပြီး ဆွေမျိုးတွေက ပြောခဲ့ကြကာ အဆိုပါ တရားဝင် အထိမ်းအမှတ် အခမ်းအနားမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ သမ္မတဟောင်းတွေဖြစ်ကြတဲ့ ဘရက်ခ် အိုဘားမားနဲ့ ဘီလ် ကလင်တန်တို့ တက်ရောက်ခဲ့ကြပါတယ်။

တိုက်ခိုက်ခံရလို့ မီးလောင်ကျွမ်းခဲ့တဲ့ တာဝါတွေပေါ်ကနေ ခုန်ကျ သေဆုံးခဲ့ရသူတစ်ချို့အပါအဝင် အကြမ်းဖက်တိုက်ခိုက်ခံရပြီး လူပေါင်း ၂,၇၅၃ ဦး သေဆုံးခဲ့တဲ့ Ground Zero နေရာမှာ ကျင်းပတဲ့ အထိမ်းအမှတ်အခမ်းအနားကို လုံခြုံရေးတင်းကျပ်စွာနဲ့ ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနား တက်ရောက်လာသူတို့ဟာ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ငြိမ်သက်မှု အခိုက်အတန့် ခြောက်ခုကို လုပ်ဆောင်ခဲ့ကြပြီး ယင်းတို့အနက် ပထမဆုံးအခိုက်အတန့်ကိုတော့ မနက် ၈ နာရီ ၄၆ မိနစ်မှာ ပြုလုပ်ခဲ့ပြီး ယင်းကတော့ 9/11 ဖြစ်ရပ်အတွင်း ပထမဆုံး ပြန်ပေးဆွဲခံ လေယာဉ် ကမ္ဘာ့ကုန်သွယ်ရေးစင်တာရဲ့ မြောက်ဘက်တာဝါကို ဝင်တိုက်ခဲ့တဲ့အချိန်လည်း ဖြစ်ပါတယ်။

ယင်းနောက် တောင်ဘက် တာဝါ တိုက်ခိုက်ခံရချိန်ဖြစ်တဲ့ မနက် ၉ နာရီ ၃ မိနစ်မှာ အခမ်းအနားတက်လာသူတွေ နောက်တစ်ကြိမ် ဝမ်းနည်းခြင်းအထိမ်းအမှတ် ငြိမ်သက်မှု လုပ်ခဲ့ကြပါတယ်။ တတိယတစ်ကြိမ် ငြိမ်သက်မှုကိုတော့ မနက် ၉ နာရီ ၃၇ မိနစ်မှာ ပင်တဂွန်မှာ ပြန်ပေးဆွဲခံ လေယာဉ်တစ်စင်းကြောင့် လေယာဉ်ပေါ်နဲ့ မြေပြင်ရှိ လူ ၁၈၄ ဦး သေဆုံးစေခဲ့တဲ့ ဖြစ်စဉ် အထိမ်းအမှတ်အဖြစ် ပြုလုပ်ခဲ့ပါတယ်။

မနက် ၉ နာရီ ၅၉ မိနစ် ငြိမ်သက်မှုကတော့ တောင်ဘက်တာဝါ ပြိုကျမှု အခိုက်အတန့်အတွက် လုပ်ဆောင်ခဲ့ပါတယ်။ မနက် ၁၀ နာရီ ၃ မိနစ် ငြိမ်သက်မှုကိုတော့ စတုတ္ထမြောက် လေယာဉ်ပေါ်မှာ ခရီးသည်တွေက ပြန်ပေးဆွဲသမားတွေကို ပြန်လည် တိုက်ခိုက်ခဲ့ပြီး ပန်ဆယ်ဗေးနီယားပြည်နယ် ရှန့်စ်ဗီးလ်က ကွင်းပြင်တစ်ခုမှာ ယင်းလေယာဉ် ပျက်ကျခဲ့တဲ့ အခိုက်သမယအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ပြုလုပ်ခဲ့ပါတယ်။ မနက် ၁၀ နာရီ ၂၈ မိနစ်မှာတော့ မြောက်ဘက်တာဝါ ပြိုကျမှုအတွက် ငြိမ်သက်မှု ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာ ဝမ်းနည်းပူဆွေးနေတဲ့ ဆွေမျိုးတွေဟာ ၎င်းတို့ရဲ့ချစ်ရသူတွေရဲ့ ဓာတ်ပုံတွေကိုကိုင်ထားခဲ့ကြပြီး ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် မနက်ခင်း‌ဖြစ်ရပ်နောက်ပိုင်း မျိုးဆက်တစ်ခုလုံး ကြီးပြင်းလာခဲ့ပေမယ့် ၎င်းတို့ရဲ့ နာကျင်မှုကတော့ ဆက်ရှိနေကြရဆဲ ဖြစ်ပါတယ်။

“ဒါ မနေ့တစ်နေ့က ဖြစ်ခဲ့သလိုမျိုး ခံစားမိပါတယ်” ဆိုပြီး ကမ္ဘာ့ကုန်သွယ်ရေးစင်တာမှာ ညီအကိုတော်စပ်သူတစ်ဦးကို ဆုံးရှုံးခဲ့ရတဲ့ ဂျွန်နီ ပေါ်ချာ ဒီဇာမာက ပြောသွားခဲ့ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း “ဒီ အထိမ်းအမှတ် အခမ်းအနားတွေက တကယ် အရေးကြီးလှပါတယ်၊ ဒါပေမယ့် ဒီဖြစ်စဉ်ကြောင့် ထိခိုက်ခံစားထားခဲ့ကြရသူတွေအတွက်တော့ တကယ် ခက်ခဲလှပါတယ်၊ နှစ်တွေ ဘယ်လောက်ပဲ ကြာကြာ သူတို့ဟာ အဲဒီတုန်းက အခိုက်အတန့်တွေကို ပြန်အမှတ်ရမိနေမှာပါ” လို့ ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly