လှည်းကူး လူငယ့်မေတ္တာပရဟိတအသင်းသား ၃ ဦးနှင့် ဒေသခံ များကို စစ်ကောင်စီဖမ်းဆီး

လှည်းကူး လူငယ့်မေတ္တာပရဟိတအသင်းသား ၃ ဦးနှင့် ဒေသခံ များကို စစ်ကောင်စီဖမ်းဆီး

 စက်တင်ဘာ ၁၁ ရက်

ရန်ကုန်တိုင်း၊ လှည်းကူးမြို့၊ ဇရပ်ကွင်းလမ်းဆုံအနီးရှိ လူငယ့်မေတ္တာပရဟိတအသင်းကို စက်တင်ဘာ ၁ဝ ရက် ညပိုင်းတွင် စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းပြီး အသင်းသား သုံးဦးနှင့် ဒေသခံများကို ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ ည ၁၁ နာရီဝန်းကျင်တွင် စစ်သား၊ ရဲနှင့် အရပ်ဝတ်များက စစ်ကားအသေး ငါးစီး၊ အရပ်သုံးကား သုံးစီးဖြင့် လူငယ့်မေတ္တာပရဟိတ လူမှုကူညီရေး အသင်းရုံးသို့ ရောက်ရှိလာပြီး ဝင်ရောက် မွှေနှောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

လူမှုကူညီရေး အသင်းရုံးကို ဝင်ရောက်စီးနင်းရှာဖွေရာတွင် ရုံးတွင် ညအိပ်စောင့်သည့် အသက် ၃ဝ ဝန်းကျင်အရွယ် ပရဟိတယာဉ်မောင်း ကိုအောင်ကြီးကို ဖမ်းဆီးသွားပြီးနောက် အသက် ၄ဝ ဝန်းကျင်အရွယ် လုပ်အားပေး ဦးဇော်ဇော်၊ အသက် ၂၇ နှစ်ဝန်းကျင်အရွယ် စာရင်းကိုင် ဒေါ်မနောဖြူတို့ကို ၎င်းတို့၏ နေအိမ်များတွင် ဝင်ရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ ယင်းအပြင် ဇရပ်ကွင်းကျေးရွာမှ ဒေသခံ ခြောက်ဦးခန့်ကိုလည်း ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

လှည်းကူး PDF မှ ဒလန်ဟု သတိပေးထုတ်ပြန်ခံထားရသည့် ဇရပ်ကွင်းကျေးရွာ၊ ထက်ဝေယံမိတ္တူဆိုင်မှ ဦးတင်စိုးကို သေနတ်ဖြင့် ပစ်ခတ်မှု စက်တင်ဘာ ၁ဝ ရက် နေ့လယ်ပိုင်းတွင် ဖြစ်ပွားပြီးနောက် ညပိုင်းတွင် ပရဟိတအသင်းသား သုံးဦးနှင့် ရွာသားအချို့ကို စစ်ကောင်စီတပ်များက ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

“ကိုတင်စိုးကို ပစ်ခတ်မှုမှာ သူ့ရဲ့ သား ထက်ဝေယံ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်။ ဆေးကုသမှုခံယူနေရတယ်။ အဲဒီကိစ္စကြောင့် မဆိုင်တဲ့သူတွေကို ဝင်ဖမ်းတာလားမသိဘူး။ မနက် ပစ်ခတ်တာ တစ်ခုခုဖြစ်ရင် ညဘက် မဆိုင်တဲ့အိမ်တွေ မွှေတာပဲ” ဟု ဒေသခံက ပြောသည်။

လူငယ့်မေတ္တာပရဟိတအသင်းကို ၂ဝ၁၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး သာရေး၊ နာရေးကိစ္စများအပြင် အသင်းထံ တောင်းခံလာသည့် အကူအညီများကို အသင်းက ဆောင်ရွက်ပေးခဲ့ပြီး စစ်ကောင်စီတပ်က အသင်းကို ဝင်ရောက်စီးနင်းဖမ်းဆီးမှု ပြုလုပ်ပြီးနောက် ကျန်အသင်းသားများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း အသင်းသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက် ညက လှည်းကူးမြို့၊ မြို့မမေတ္တာ လူမှုကယ်ဆယ်ရေး အသင်းတည်ထောင်သူ အပါအဝင်လေးဦးကို စစ်ကောင်စီတပ်များက ဖမ်းဆီးပြီး လူမှုကယ်ဆယ်ရေးကားနှစ်စီးကို သိမ်းယူသွားခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly