တောင်တရုတ်ပင်လယ်တွင် မလေးရှားရေတပ်၏ စစ်ရေး လေ့ကျင့်မှုက ပိုင်နက်ကြေညာထားသူများအတွက် ပြင်းထန်သည့် သတိပေးချက်ဖြစ်လာ

By BenarNews
11 September 2021
တောင်တရုတ်ပင်လယ်တွင် မလေးရှားရေတပ်၏ စစ်ရေး လေ့ကျင့်မှုက ပိုင်နက်ကြေညာထားသူများအတွက် ပြင်းထန်သည့် သတိပေးချက်ဖြစ်လာ

၂၀၂၁ ခုနှစ်၊ ဩဂုတ်လလယ်ပိုင်းက သင်္ဘောဖျက် ဒုံးကျည် ၃ စင်းကို မလေးရှားနိုင်ငံက အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်လိုက်ခြင်းသည် ၎င်း၏ တောင်တရုတ်ပင်လယ်ရေပိုင်နက်အတွင်းသို့ ကျူးကျော်မှုများအပေါ် ပြင်ဆင်ထားမှုဖြစ်ကြောင်း သိရှိစေသည်ဟု လေ့လာသုံးသပ်သူများက ပြောကြားသည်။

တရုတ်စစ်လေယာဉ် ၁၆ စင်းက အငြင်းပွား တောင်တရုတ်ပင်လယ်အတွင်းရှိ မလေးရှား၏ ပင်လယ်ပြင် လေကြောင်းပိုင်နက်အတွင်းသို့ ၂၀၂၁ ခုနှစ်၊ မေလအတွင်းက ကျူးကျော်ဝင်ရောက်ပြီးနောက် ပြုလုပ်ခဲ့သောကြောင့် မလေးရှား တော်ဝင်ရေတပ်၏ Taming Sari စစ်ရေးလေ့ကျင့်မှုသည် သတိပြုဖွယ်ရာ ဖြစ်ခဲ့ကြောင်း ဒေသတွင်း လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူ လိုင်လျူမင်းက ပြောကြားသည်။

“Taming Sari လို စစ်ရေးလေ့ကျင့်မှုက အချုပ်အခြာနယ်မြေပိုင်နက်ကို ကာကွယ်ဖို့ မလေးရှားရဲ့ စွမ်းရည်နဲ့ သဘောထားကို ဖော်ပြခြင်းပဲ ဖြစ်ပါတယ်” ဟု မလေးရှားနို်ငငံ ဆာဘားတက္ကသိုလ်၏ တွဲဖက် ပါမောက္ခလည်း ဖြစ်သူ လိုင်က ပြောကြားသည်။

“မလေးရှားလေကြောင်းပိုင်နက်အတွင်းကို မေလကုန်က ဗြောင်ကျကျ ဝင်ရောက်ကျူးကျော်ခံရအပြီးမှာ အခုလို ဒုံးကျည်စမ်းသပ်ခြင်း ဖြစ်ပါတယ်။ ဒီလိုဝင်ရောက်ကျူးကျော်ခြင်းဟာ မလေးရှားရဲ့ တိုက်ခိုက်ရေးမှာ အဆင်သင့်ဖြစ်နေပြီလားဆိုတာ တရုတ်စစ်တပ်ရဲ့ စမ်းသပ်မှု ဖြစ်ပါတယ်” ဟု လည်း ၎င်းက ပြောကြားသည်။

Taming Sari စစ်ရေးလေ့ကျင့်မှုသည် ၆ ရက်ကြာမြင့်ခဲ့ပြီး ဩဂုတ် ၁၂ ရက်တွင် ပြီးဆုံးခဲ့ကာ ကပ်ရောဂါ စတင်ဖြစ်ပွားပြီးနောက်ပိုင်း မလေးရှား၏ ပထမဆုံးအကြိမ် စစ်ရေးလေ့ကျင့်မှုဖြစ်သည်။ အလားတူ စစ်ရေးလေ့ကျင့်မှုများကိုလည်း ၂၀၁၄ နှင့် ၂၀၁၉ ခုနှစ်များတွင် ပြုလုပ်ခဲ့သည်။

ယခုပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုတွင် မလေးရှားတော်ဝင်ရေတပ်၏ ရေငုပ်သင်္ဘော KD Tun Razak က သင်္ဘောဖျက်ဒုံးကျည် Exocet SM39 ကို ပစ်လွှတ်ခဲ့သလို KD Lekiu နှင့် KD Lekir စစ်ရေယာဉ် ၂ စင်းကလည်း Exocet MM40 ပဲ့ထိန်းဒုံးကျည်ကို ပစ်လွှတ်ခဲ့သည်။

MM40 သည် ၅၆ ကီလိုမီတာအကွာရှိ ပစ်မှတ်များကို ပစ်ခတ်နိုင်သလို SM39 သည် ၃၅ ကီလိုမီတာအကွာအဝေးအထိ ရောက်ရှိနိုင်သည်။

ယင်းစစ်ရေး လေ့ကျင့်မှုတွင် သင်္ဘော ၉ စင်း၊ အမြန်တိုက်ခိုက်ရေး ရေယာဉ် ၅ စင်း၊ ရေငုပ်သင်္ဘော ၁စင်း၊ Super Lynx ရဟတ်ယာဉ် ၂ စင်း၊ တော်ဝင်မလေးရှား လေတပ်မှ F/A-18D Hornet ဂျက်တိုက်လေယာဉ် ၄ စင်းနှင့် မလေးရှားရေကြောင်း ထိန်းသိမ်းရေးဌာနမှ ရေယာဉ်များနှင့်အတူ လုံခြုံရေးတပ်ဖွဲ့ဝင် အင်အား ၁၀၀၀ လည်း ပါဝင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly