ဂျမူးနှင့် ကက်ရှ်မီးယားတွင် တိုင်းရင်းသား ကျောင်းသားများအတွက် ရပ်ရွာအခြေပြု စာသင်ခန်းများ ဖွင့်လှစ်မည်

ဂျမူးနှင့် ကက်ရှ်မီးယားတွင် တိုင်းရင်းသား ကျောင်းသားများအတွက် ရပ်ရွာအခြေပြု စာသင်ခန်းများ ဖွင့်လှစ်မည်

မတူညီသည့် ပထဝီမြေမျက်နှာပြင်နှင့် ဆိုးရွားသည့် ရာသီဥတု အခြေအနေများကြောင့် အိန္ဒိယနိုင်ငံ၊ ဂျမူးနှင့် ကက်ရှ်မီးယားဒေသ၏ ရာဂျိုရီခရိုင်မှ ပါမာ့ဂျ်အရပ်ရှိ ပါပန်ဂျယ် တောင်တန်း အမြင့်ပိုင်းဒေသများတွင် ရပ်ရွာအခြေပြု စာသင်ခန်းများကို ဖွင့်လှစ်သွားမည်ဖြစ်သည်။

အဆိုပါ အရပ်မှ ကလေးငယ်များ၏ မိဘများသည် တောင်တန်းများ၏ ပိုမိုမြင့်မားသည့် အရပ်များသို့ တစ်နှစ်လျှင် ၆ လကြာ သွားရောက် ရွှေ့ပြောင်း အလုပ်လုပ်ကိုင် ရသည်။

ယင်းသို့ ရွှေ့ပြောင်းနေထိုင်ရသည့်ပုံစံကြောင့် ကျန်ရစ်ခဲ့သည့် ကလေးငယ်များ၏ ပညာရေးကို မထိခိုက်စေရန် ၎င်းတို့ဒေသတွင် ရပ်ရွာအခြေပြု သင်တန်းကျောင်း ၇ ကျောင်းကို ဖွင့်လှစ်ရန် စီစဉ်ထားသည်။

ဂျမူးနှင့် ကက်ရှ်မီးယားဒေသ အစိုးရ၏ တိုင်းရင်းသားလူမျိုးစုရေးရာ အတွင်းဝန်ဒေါက်တာရှာဟစ် အစ်ကဘယ်ချူဓရီက ပြည်ထောင်စုအစိုးရ အဖွဲ့သည် ကျောင်းများတည်ဆောက်ရန် လိုအပ်သည့် ဒေသရှိ ရွာများကို မကြာသေးမီက စစ်တမ်းကောက်ယူထားပြီးဖြစ်ကြောင်း ပြောကြားသည်။

ဂျမူးနှင့် ကက်ရှ်မီးယားဒေသရှိ တိုင်းရင်းသားများအနေဖြင့် အခြားသော လိုအပ်ချက်များကို ရယူအသုံးပြုနိုင်မည့် အစီအစဉ်များကိုလည်း အုပ်ချုပ်ရေးအဖွဲ့က ရေးဆွဲထားကြောင်း ချူဓရီက ပြောကြားသည်။

“ဒီကလူတွေက အခက်ခဲဆုံး အခြေအနေမှာ နေထိုင်ကြရတယ်။ အသက်မွေးဝမ်းကြောင်းအတွက်မို့ သူတို့အိမ်က ကျွဲနွားတိရစ္ဆာန်တွေနဲ့ ၆ လခွဲပြီးနေရတယ်။ ဂျမူးနဲ့ ကက်ရှ်မီးယားအုပ်ချုပ်ရေးအဖွဲ့အနေနဲ့ သူတို့ဘဝဖွံ့ဖြိုးရေးအတွက် အာရုံစိုက် လုပ်ဆောင်ဖို့ လိုပါတယ်။ သူတို့လိုအပ်ချက်တွေကို ဆောင်ရွက်ပေးဖို့ စီစဉ်နေပါတယ်။ ဒီအစီအစဉ်အတွက် သူတို့ရဲ့ အကြံပြုချက်တွေကို ရရှိထားပါတယ်။ ရရှိထားတဲ့ အချက်အလက်တွေကို ပညာရေးဌာနကို ပို့ထားပြီး လုပ်ငန်းအစီအစဉ် ရေးဆွဲထားပြီးဖြစ်လို့ မကြာမီစတင်နိုင်ပါလိမ့်မယ်” ဟု ၎င်းက ပြောကြားသည်။

“ဒုတိယ အုပ်ချုပ်ရေးမှူး မန်နော့ဆင်ဟာက တိုင်းရင်းသား ကလေးငယ်များ နေထိုင်ပညာသင်ကြားနိုင်မယ့် ကျောင်းများ တည်ဆောက်ရေးအတွက် လမ်းညွှန်ထားပြီး ဖြစ်ပါတယ်။ မိဘတွေက တောင်တန်း အမြင့်ပိုင်းတွေမှာ အလုပ်သွားလုပ်နေချိန်မှာ ကလေးတွေကို ဒီကျောင်းတွေမှာ ထားသွားနိုင်ပြီး သူတို့ရဲ့ လိုအပ်ချက်တွေအတွက် စောင့်ရှောက်ထားမှာပါ” ဟု ချူဓရီက ပြောကြားသည်။

“မကြာသေးမီက ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ ပညာရေး၊ အလုပ်အကိုင်ခန့်ထားရေး၊ မွေးမြူရေးနဲ့ ကျန်းမာရေးကိစ္စတွေနဲ့ သက်ဆိုင်တာတွေကို စီစဉ်ထားပါတယ်။ ဒီအစဉ်တွေမှာ ပါဝင်ပြီး သူတို့အတွက် အကျိုးတွေကို ခံစားဖို့ ပြည်သူတွေပူးပေါင်းပါဝင်အောင် ဒေသခံတွေကို တိုက်တွန်းပါမယ်” ဟု လည်း ၎င်းက ပြောကြားသည်။

ရပ်ရွာအခြေပြုကျောင်းများကို တက်သည့် ကျောင်းသားတစ်ဦး၏ မိဘဖြစ်သူ ဆာဖရက်ဇ်လိုဓီက “ဒီဒေသရဲ့ အကြီးမားဆုံး စိန်ခေါ်မှုက ဆိုးရွားတဲ့ ရာသီဥတုအခြေအနဖြစ်ပါတယ်။ အရင်တုန်းကတော့ ကလေးတွေ နေထိုင် ပညာသင်ကြားဖို့ နေရာကို စီစဉ်မပေးခဲ့ပါဘူး။ စာသင်ခန်းလို နေရာမျိုး၊ စာအုပ်တွေ၊ စာရေးကိရိယာတွေ၊ နေရောင်ခြည်စွမ်းအင်သုံး မီးတွေ၊ ကွန်ပျူတာတွေကို ကလေးတွေအတွက် စီစဉ်ပေးမှသာ နိုင်ငံရဲ့ အခြားဒေသတွေမှာ နေထိုင်တဲ့ ကလေးတွေနဲ့ တန်းတူ ရင်ဘောင်တန်းနိုင်လိမ့်မယ်လို့ အုပ်ချုပ်ရေးအဖွဲ့ကို ပြောခဲ့ပါတယ်” ဟု ပြောကြားသည်။

“နောက်ထပ် ပြဿနာတစ်ခုကတော့ ရာသီဥတုကြမ်းတမ်းတာပါ။ ဒီမှာက အပူချိန် ၅ ဒီဂရီကနေ ၁၀ ဒီဂရီအကြားရှိပြီး အမြင့်ပိုင်းဖြစ်တာကြောင့် လေပြင်းလည်းတိုက်တယ်။ အင်တာနက် ကွန်ရက်တွေချိတ်ဆက်နိုင်အောင် မိုဘိုင်းတာဝါတိုင်တွေ စိုက်ထူဖို့လည်း အုပ်ချုပ်ရေးအဖွဲ့ကို ပြောထားပါတယ်” ဟု ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly