ထိုင်းမှာ အစိုးရဆန့်ကျင်ဆန္ဒပြသူတွေ ဆိုင်ကယ်တွေ၊ ကားတွေနဲ့ လှည့်လည်ပြီး ဆန္ဒပြခေါင်းဆောင်တွေ လွတ်မြောက်ရေး တောင်းဆို

ထိုင်းမှာ အစိုးရဆန့်ကျင်ဆန္ဒပြသူတွေ ဆိုင်ကယ်တွေ၊ ကားတွေနဲ့ လှည့်လည်ပြီး ဆန္ဒပြခေါင်းဆောင်တွေ လွတ်မြောက်ရေး တောင်းဆို
Photo - AFP

စက်တင်ဘာ ၁၀

ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ဆန္ဒပြသူတွေဟာ စက်တင်ဘာ ၁၀ ရက်က ဘန်ကောက်မြို့မှာ ဆိုင်ကယ်တွေ၊ ကားတွေနဲ့ လှည့်လည် ဆန္ဒထုတ်ဖော်မှုတစ်ရပ်ကို လုပ်ဆောင်ခဲ့ကြပြီး ထိန်းသိမ်းခံထားရတဲ့ ၎င်းတို့ရဲ့ အဓိက ဆန္ဒပြခေါင်းဆောင်တွေ ပြန်လည် လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။

ယင်းနိုင်ငံမှာ ဦးဆောင်တက်ကြွလှုပ်ရှားသူတွေဟာ ကပ်ရောဂါထိန်းချုပ်ဖို့ အစိုးရချမှတ်ထားတဲ့ အရေးပေါ်အမိန့် ချိုးဖောက်မှု၊ မငြိမ်မသက်ဖြစ်စေအောင် လှုံ့ဆော်မှု အပါအဝင် စွဲချက်တစ်ချို့နဲ့ပတ်သက်ပြီး တရားရုံးအမှုစစ်‌ဆေးမှုမတိုင်မီ ထိန်းသိမ်းခံထားရလျက်ရှိပါတယ်။

ယခုလို ယာဉ်တန်းနဲ့ လှည့်လည်မှုမှာတော့ ဆန္ဒပြသူတွေဟာ မော်တော်ဆိုင်ကယ်တွေ၊ ကားတွေပေါ်ကနေ အလံတွေ ဝှေ့ယမ်းပြီး ဟွန်းတွေ တီးခဲ့ကြသလို လက်သုံးချောင်းထောင် သင်္ကေတတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ ၎င်းတို့ဟာ ၎င်းတို့ရဲ့ ဆန္ဒပြခေါင်းဆောင်တွေကို အာမခံနဲ့ လွှတ်ပေးဖို့ ပန်ကြားထားတဲ့ စာတစ်စောင်ကို တင်သွင်းဖို့ ရာဇဝတ်တရားရုံးဆီ ဦးတည်သွားရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

“မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ တက်ကြွလှုပ်ရှားသူ ခုနစ်ဦးကို ပြန်လွှတ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုနေတာပါ၊ သူတို့အတွက် တရားရုံးချိန်း နေ့ရက် ဒါမှမဟုတ် တခြားဘာမှ မရှိခဲ့ပါဘူး၊ သူတို့ကို ရဲတွေက ဖမ်းထားတာပဲ ရှိတာပါ၊ ပြီးတော့ သူတို့မှာ အာမခံ လျှောက်ထားပြီး အာမခံ ရရမယ့် အခွင့်အရေး ရှိပါတယ်” လို့ မျက်ရည်ယိုဗုံးကြောင့် ယာဘက်မျက်လုံး ကွယ်ထားတဲ့ ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်တဲ့ တာနက် သာနာကစ်တမ်နွေးက ပြောပါတယ်။

“သူတို့ (ဆန္ဒပြခေါင်းဆောင်တွေ) တွေထဲက အများစုဟာ အကျဉ်းထောင်ထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်၊ ကျွန်တော်တို့ နေ့စဉ်နဲ့အမျှ သူတို့ အာမခံရဖို့ လျှောက်ထားမြဲ လျှောက်ထားနေသလို တရားရုံးဘက်ကလည်း အကြောင်းပြချက် မပေးဘဲ ငြင်းမြဲ ငြင်းထားခဲ့ပါတယ်” လို့လည်း ၎င်းက ဆိုပါတယ်။

“အပြစ်ရှိကြောင်း သက်သေမပြနိုင်မချင်း ခင်ဗျားဟာ အပြစ်မဲ့တယ်လို့ပဲ ယူဆရမှာ ဖြစ်ပါတယ်၊ ဒါက သာမန်လူပြိန်းအသိတစ်ခုဖြစ်ပါတယ်၊ တကမ္ဘာလုံးကလည်း ဒါကို သိပါတယ်၊ ကြည့်ရတာ ထိုင်းမှာတော့ ဒါမျိုး ဟုတ်ပုံ မရပါဘူး၊ ဆိုတော့ ဒါက အဓိပ္ပါယ်ကို မရှိပါဘူး” လို့ ၎င်းက ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly