ဟနွိုင်းမြို့နေ အားလုံးကို စက်တင်ဘာ ၁၅ ရက်မကျော်ခင် ကာကွယ်ဆေး ထိုးနှံပြီးရေး အရှိန်မြှင့်လုပ်ဆောင် 

ဟနွိုင်းမြို့နေ အားလုံးကို စက်တင်ဘာ ၁၅ ရက်မကျော်ခင် ကာကွယ်ဆေး ထိုးနှံပြီးရေး အရှိန်မြှင့်လုပ်ဆောင် 
Photo - AFP

စက်တင်ဘာ ၁၀

ဗီယက်နမ်နိုင်ငံရဲ့ ဟနွိုင်းမြို့တော်မှာ အရွယ်ရောက်ပြီးသူ အားလုံးကို စက်တင်ဘာ ၁၅ ရက် မကျော်စေဘဲ ကာကွယ်ဆေး ထိုးနှံပေးပြီးဖို့ အာဏာပိုင်တွေက ရည်မှန်းထားတာကြောင့် မြို့တော်နေပြည်သူတွေအတွက် ကာကွယ်ဆေး ထိုးနှံပေးတာကို အရှိန်မြှင့် လုပ်ဆောင်လျက် ရှိနေပါတယ်။ 

ကာကွယ်ဆေး ထိုးနှံခံမယ့်သူတွေကို အရေအတွက် မကန့်သတ်ဖို့နဲ့ လုပ်ထုံးလုပ်နည်းတွေ ရိုးရှင်းလွယ်ကူစေအောင် ဆောင်ရွက်ဖို့ ဒေသအာဏာပိုင်တွေကို မြို့တော် ကျန်းမာရေးဌာနက တိုက်တွန်းထားပါတယ်။ 

နေရာပေါင်း ၁၀၀၀ ကျော်ထက်မနည်းမှာ ကာကွယ်ဆေး ထိုးနှံပေးတာကို ညနေစောင်းပိုင်းအထိ ဆောင်ရွက်ပေးလျက် ရှိနေတာလည်း ဖြစ်ပါတယ်။ 

ဟနွိုင်းမြို့တော်အတွက် ကာကွယ်ဆေး လေးသန်းကျော် ချထားပေးပြီး ပြည်သူ ၅၅၅၀၀၀ နီးပါးက အပြည့်အဝ ကာကွယ်ဆေး ထိုးနှံပြီး ဖြစ်ပါတယ်။ 

မြို့မှာ အသက် ၁၈ နှစ်အထက် ပြည်သူ ၇၀ ရာခိုင်နှုန်းကျော်ဟာ အနည်းဆုံး ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံပြီးကြပြီး ဒီလို ထိုးနှံခံကြသူတွေမှာ နာတာရှည်ရောဂါရှိတဲ့ အသက် ၆၅ နှစ်အရွယ်တွေပါ အပါအဝင် ဖြစ်တယ်လို့ COVID-19 ဆိုင်ရာ ဗီယက်နမ် အမျိုးသားဌာနအရ သိရပါတယ်။ 

ဟနွိုင်းမြို့ဟာ ကျန်းမာရေးဝန်ကြီးဌာနဆီကနေ COVID-19 ကာကွယ်ဆေး ၄ ဒသမ ၃ သန်းနီးပါး ရရှိထားပြီး အဲဒီထဲက ကာကွယ်ဆေး တစ်သန်းဟာ တရုတ်ထုတ် Verocell ကာကွယ်ဆေးလည်း အပါအဝင် ဖြစ်ပါတယ်။ 

ဗီယက်နမ်ရဲ့ စီးပွားရေးမြို့တော် ဟိုချီမင်းနဲ့အတူ တောင်ပိုင်းက ဒေါင်နိုင်း၊ ဘင်းဒူအောင်းနဲ့ လောင်အန့်ပြည်နယ် သုံးပြည်နယ်အတွက်လည်း အရွယ်ရောက်သူ အားလုံးကို ကာကွယ်ဆေး ထိုးနှံပြီးရေးအတွက် စက်တင်ဘာ ၁၅ ရက်ကိုပဲ နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားပါတယ်။ 

ဗီယက်နမ်နိုင်ငံဟာ လက်ရှိအထိ အပြင်းထန်ဆုံး COVID-19 ကူးစက်ပြန့်နှံ့မှုကို ရင်ဆိုင်တွန်းလှန်နေရပြီး ကူးစက်ဖြစ်ပွားသူပေါင်း ၅၈၀၀၀၀ နီးပါးရှိကာ သေဆုံးသူ ၁၄၀၀၀ ကျော်ထက်မနည်း ရှိနေရာမှာ အများစုက မကြာသေးတဲ့ လပိုင်းအတွင်းက ဖြစ်ကြပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly