အာဖဂန်နစ္စတန်မှာ စီးပွားရေးပြိုလဲမှု မဖြစ်အောင် လုပ်ဆောင်ရမယ်လို့ ကုလအကြီးအကဲ ပြော

အာဖဂန်နစ္စတန်မှာ စီးပွားရေးပြိုလဲမှု မဖြစ်အောင် လုပ်ဆောင်ရမယ်လို့ ကုလအကြီးအကဲ ပြော
Photo - AFP

စက်တင်ဘာ ၁၀

အာဖဂန်နစ္စတန်ရဲ့ တာလီဘန်တွေနဲ့အကြား အပြန်အလှန် ဆွေးနွေးမှု ထိန်းသိမ်းလုပ်ဆောင်သွားကြဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က နိုင်ငံတကာအသိုင်းအဝိုင်းကို ပန်ကြားလိုက်သလို ယင်းနိုင်ငံမှာ လူသန်းချီကို သေစေနိုင်ခြေ ရှိတဲ့ “စီးပွားရေး ပြိုလဲမှု” မဖြစ်အောင် ရှောင်လွဲသွားဖို့ လိုကြောင်း ကုလအကြီးအကဲက အေအက်ဖ်ပီသတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

“ကျွန်တော်တို့ဟာ တာလီဘန်တို့နဲ့အကြား အပြန်အလှန် ဆွေးနွေးမှုတစ်ခု ထိန်းသိမ်းလုပ်ဆောင်ရပါလိမ့်မယ်၊ အဲဒီမှာ ကျွန်တော်တို့ရဲ့ စည်းမျဉ်းမူဝါဒတွေကို တိုက်ရိုက် အတည်ပြုရပါမယ်၊ ပြီးတော့ အာဖဂန်ပြည်သူတွေနဲ့ ကျွန်တော်တို့ တသားတည်းရှိတယ်ဆိုတဲ့ ခံစားမှုတစ်ခုနဲ့ ဆွေးနွေးရပါမယ်” လို့ ဂူတာရက်စ်က ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ တာဝန်က ခုချိန်မှာ ဒုက္ခအကြီးအကျယ် တွေ့နေတဲ့ အာဖဂန်ပြည်သူတွေနဲ့ တသားတည်းရှိကြောင်း ထုတ်ဖော်ပြသဖို့ ဖြစ်ပါတယ်၊ အဲဒီမှာ လူပေါင်းသန်းချီဟာ ဆာလောင်ငတ်မွတ်မှုကြောင့် အသက်သေဆုံးရနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်” လို့လည်း ၎င်းက ဆိုပါတယ်။

တာလီဘန်တို့နဲ့အကြား ဆွေးနွေးမှုတွေကနေ ရလဒ်‌‌ကောင်းတွေ ထွက်လာဖို့ အာမခံချက် မရှိဘူးလို့လည်း ကုလ အကြီးအကဲက ပြောပါတယ်။ ဒါပေမယ့် အာဖဂန်နစ္စတန်ကို အကြမ်းဖက်မှု ဗဟိုချက်တစ်ခု မဖြစ်စေချင်ရင်၊ အမျိုးသမီးတွေ ပြီးခဲ့တဲ့ကာလအတွင်း ရခဲ့တဲ့ အခွင့်အရေး အားလုံး မဆုံးရှုံးစေချင်ဘူးဆိုရင်၊ မတူညီတဲ့ လူမျိုးစု အစုအဖွဲ့တွေကို သူတို့လည်း ကိုယ်စားပြုနိုင်တယ်ဆိုတဲ့ ခံစားချက် ရရှိစေချင်တယ်ဆိုရင် မိမိတို့အနေနဲ့ တာလီဘန်တို့နဲ့အကြား ဆွေးနွေးမှုတွေ မဖြစ်မနေ လုပ်ရလိမ့်မယ်လို့ ဂူတာရက်စ်က ပြောခဲ့ပါတယ်။

“ခုချိန်ထိတော့ ကျွန်တော်တို့ လုပ်ထားခဲ့တဲ့ ဆွေးနွေးမှုတွေအတွင်း အနည်းဆုံးတော့ ဆွေးနွေးဖို့ သဘောပေါက်လက်ခံလွယ်မှုတစ်ခု ရှိပါတယ်” လို့ ဂူတာရက်စ်က ပြောခဲ့ပါတယ်။

ဒါ့အပြင် အခြေအနေ ပေးတဲ့ တစ်နေ့နေ့မှာ ၎င်းအနေနဲ့ အာဖဂန်နစ္စတန်ကို သွားကောင်းသွားနိုင်တယ်လို့လည်း ဂူတာရက်စ်က ပြောသွားခဲ့ပါတယ်။

အာဖဂန်နစ္စတန်ရဲ့ အစိုးရအဖွဲ့ကို “အားလုံး ပါဝင်တဲ့ အစိုးရ” ၊ အာဖဂန် လူ့အဖွဲ့အစည်းရဲ့ နယ်ပယ်စုံ ကိုယ်စားပြုမယ့် အစိုးရ အဖြစ် ဖွဲ့စည်းစေဖို့ ကုလဘက်က ဆန္ဒရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာခဲ့တဲ့ အာဖဂန်ရဲ့ တာလီဘန်အစိုးရသစ်ကတော့ ယင်းအတိုင်း ဖြစ်မလာခဲ့ဘူးလို့ ဂူတာရက်စ်က ပြောခဲ့ပါတယ်။
“လူ့အခွင့်အရေး၊ အမျိုးသမီးနဲ့ မိန်းကလေးတွေကို ကျွန်တော်တို့ လေးစားဖို့ လိုပါတယ်” လို့လည်း ၎င်းက ပြောပါတယ်။

အာဖဂန်နစ္စတန်ဟာ အကြမ်းဖက်မှုရဲ့ အခြေပြုရာနေရာ ဖြစ်ရမှာမဟုတ်သလို တာလီဘန်တို့အနေနဲ့ မူးယစ်ဆေးနဲ့ပတ်သက်လို့လည်း တိုက်ဖျက်မှုတွေမှာ ပူးပေါင်းပါဝင်ရလိမ့်မယ်လို့ ၎င်းက ပြောခဲ့ပါတယ်။

အာဖဂန်နစ္စတန်ကို “ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှု” နဲ့အတူ အုပ်ချုပ်ရမှာဖြစ်ပြီး လူ့အခွင့်အရေးကို လေးစားလိုက်နာရမှာဖြစ်တယ်လို့ ၎င်းက ပြောခဲ့ပါတယ်။

တာလီဘန်တွေဟာ အသိအမှတ်ပြုခံရဖို့၊ ဘဏ္ဍာရေးအကူအညီနဲ့ ဆန်ရှင် ရုပ်သိမ်းမှုတို့ကို အလိုရှိကြောင်း ဂူတာရက်စ်က ပြောခဲ့ပါတယ်။ ယင်းအချက်ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းထံ သြဇာတစ်ခု ပေးအပ်လိမ့်မယ်လို့လည်း ၎င်းက ပြောခဲ့ပါတယ်။

ဒါ့အပြင် အာဖဂန်မှာ ဆိုးရွားတဲ့ လူသားချင်းစာနာမှု အကျိုးဆက်တွေကို ပေါ်ပေါက်စေနိုင်တဲ့ စီးပွားရေးပြိုလဲမှုတစ်ခုကနေ ရှောင်လွဲဖို့ လိုတယ်လို့လည်း ဂူတာရက်စ်က ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required