‘စမတ်’ နေကာမျက်မှန် Ray-Ban Stories ကို ဖေ့ဘုတ်နဲ့ Ray-Ban က ပွဲထုတ်ပြသ 

‘စမတ်’ နေကာမျက်မှန် Ray-Ban Stories ကို ဖေ့ဘုတ်နဲ့ Ray-Ban က ပွဲထုတ်ပြသ 
Photo - AFP

စက်တင်ဘာ ၁၀ 

ဖေ့ဘုတ်နဲ့ အထင်ကရ မျက်မှန်တံဆိပ်ဖြစ်တဲ့ Ray-Ban တို့ဟာ ၎င်းတို့ရဲ့ စမတ်မျက်မှန်တွေကို ကြာသပတေးနေ့မှာ ပွဲထုတ်ပြသလာခဲ့ပါတယ်။   

ဖွံ့ဖြိုးလာနိုင်ခြေရှိတဲ့ ဈေးကွက်တစ်ခုအတွက် နောက်ဆုံး ကြိုးပမ်းမှုအနေနဲ့ ခုလို စမတ်နေကာမျက်မှန်တွေကို ပွဲထုတ်လာခဲ့တာ ဖြစ်ပေမယ့် လူမှုမီဒီယာကုမ္ပဏီကြီး ဖေ့ဘုတ်က ၎င်းတို့ရဲ့ အနာဂတ် ရှေ့ခြေလှမ်းအဖြစ် ရှုမြင်ထားပါတယ်။ 

အခု စမတ်မျက်မှန်ဖြစ်တဲ့ ‘Ray-Ban Stories’ နေကာမျက်မှန်တွေဟာ ဝတ်ဆင်ထားသူက အသံနဲ့ အမိန့်ပေးပြီး ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်ကူးနိုင်သလို မျက်မှန်ကိုင်းကနေ အက်ပလီကေးရှင်းတစ်ခုကတစ်ဆင့် ဖေ့ဘုတ်ရဲ့ ပလက်ဖောင်းနဲ့ ဝိုင်ယာလက်ဆက်သွယ်နိုင်ပါတယ်။ 

“၁၉၅၂ မှ စတင်ပေါ်ထွက်တဲ့ ကျွန်တော်တို့ရဲ့ Wayfarer မျက်မှန်ကိုင်းတွေကို ခပ်ဆန်းဆန်း နည်းပညာနယ်ပယ်ထဲ ပါဝင်စေပြီး ဒီဇိုင်းဆန်းသစ်တီထွင်ထားပါတယ်”လို့ Ray-Ban မျက်မှန်ထုတ်လုပ်ရာ EssilorLuxottica အုပ်စုက ကမ္ဘာလုံးဆိုင်ရာ သုတေသနနဲ့ ဒီဇိုင်းပိုင်း ညွှန်ကြားရေးမှူး ဘာဘီယိုဘော်ဆွိုင်းက ပြောပါတယ်။ 

ဖေ့ဘုတ်ကုမ္ပဏီအနေနဲ့လည်း ၂၀၁၃ မှာ Google Glass ဆိုပြီး ပေါ်ထွက်ခဲ့ဖူးတဲ့ တွင်ကျယ်ဖွံ့ဖြိုးလာနိုင်တဲ့ စမတ်မျက်မှန်ဈေးကွက်ထဲ ခြေလှမ်းပစ်ဝင်ပြီး ရုန်းကန်ကြိုးစားလာနေတာပဲ ဖြစ်ပါတယ်။ Google Glass မှာ တစ်ပါတည်း ထည့်သွင်းပါရှိပြီးသား ကင်မရာတွေကြောင့် ကိုယ်ပိုင်သီးသန့် လွတ်လပ်စွာ နေထိုင်ရမှုနဲ့ ပတ်သက်လို့ အများရဲ့ တုံ့ပြန်မှုတွေနဲ့ ကြုံခဲ့ရပြီး နည်းပညာကုမ္ပဏီ Google ဟာ Google Glass မျက်မှန်တွေအတွက် ဦးတည်ချက် ပြောင်းခဲ့ရပါတယ်။ 

မက်ဆေ့ချ်အက်ပလီကေးရှင်းဖြစ်တဲ့ SnapChat ကလည်း ကင်မရာပါ Spectacles စမတ်မျက်မှန်ကို ထုတ်လုပ်ခဲ့ပေမယ့် ဈေးကြီးပြီး နည်းပညာချစ်သူတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖမ်းစားနိုင်ဖို့ ကြိုးပမ်းနေရဆဲပဲ ဖြစ်ပါတယ်။ 

Ray-Ban Stories မျက်မှန်တွေမှာ မြေပုံထုတ်တာ ဒါမှမဟုတ် မျက်နှာပုံပန်း ဖတ်တာတွေလို မြင်ကွင်းအချက်ပြတာတွေကို အွန်လိုင်းကနေ ကွန်ပျူတာ တွက်ချက်နိုင်တဲ့ နည်းပညာသုံး features တွေတော့ ပါရှိမှာ မဟုတ်ပါ။ 

အဲဒီအစား ဒီ စမတ်နေကာမျက်မှန်တွေဟာ ပြင်ပအရှိမြင်ကွင်းကို အင်တာနက်ကနေ ဒေတာတွေနဲ့ ဂရပ်ဖစ်အချက်အလက်တွေ ပေါင်းစပ်ပေးသွားမယ့် တစ်ခေတ်ဆန်း မျက်မှန် ဖန်တီးရေးဆီ ဦးတည်တဲ့ အစပိုင်း ခြေလှမ်းအဖြစ် ဖေ့ဘုတ် အမှုဆောင်အရာရှိချုပ် မက်ဇူကာဘတ်က အရင်က ပြောဆိုထားဖူးပါတယ်။ 

‘Metaverse’ ဆိုပြီး သိရတဲ့ သုံးဖက်မြင်ပုံရိပ်တွေနဲ့ ဒီဂျစ်တယ်ကမ္ဘာ တည်ဆောက်ဖို့ hardware ပိုင်း၊ ဂိမ်းရေးဆွဲတဲ့ပိုင်းနဲ့ ပုံရိပ်ယောင်မြင်ကွင်း ဖန်တီးတဲ့ပိုင်းက အထူးကျွမ်းကျင်သူတွေကို ယူနစ်တစ်ရပ်ဖွဲ့ပြီး တာဝန်ပေးထားကြောင်း ဖေ့ဘုတ်ကုမ္ပဏီဟာ ဇူလိုင်လအတွင်းက ပြောခဲ့ပါတယ်။ 

အခု Ray-Ban Stories စမတ်နေကာမျက်မှန်တွေကို စဦးဈေး အမေရိကန်ဒေါ်လာ ၂၉၉ ဒေါ်လာနဲ့ ဩစတြေးလျ၊ ဗြိတိန်၊ ကနေဒါ၊ အိုင်ယာလန်၊ အီတလီနဲ့ အမေရိကန်နိုင်ငံတွေမှာ စတင်ပွဲထုတ်ရောင်းချသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly